ဝေါ မေ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် အစိုးရပါဠိပထမပြန် “စူဠဘွဲ့နှင်းသဘင်” စာအောင်ဆုအပ်နှင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ချမ်းမြသာစည်ရပ်ကွက်အတွင်းရှိ ရွှေဘုန်းပွင့်ဓမ္မရိပ်သာ၌ ကျင်းပသည်။
အခမ်းအနားကို "နမောတဿ"သုံးကြိမ် သံပြိုင်ရွတ်ဆိုပူဇော်ကာ အခမ်းအနားဖွင့်လှစ်ပြီး၊ မြို့နယ်သံဃနာယကအဖွဲ့(ရွှေကျင်) ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တဇနကမှ တက်ရောက်လာသည့် ဧည့်ပရိတ်သတ် အပေါင်းအား ငါးပါးသီလတရားတော်နှင့် ဩဒချီးမြှင့် ပေးတော်မူပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမော်မှ သာသနာရေးဆိုင်ရာများ လျှောက်ထား ပေးသည်။
ထို့နောက် ၂၀၂၁ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူကြသည့် ပထမလတ်တန်းအောင်(၃)ပါး၊ ပထမငယ်တန်းအောင်(၄)ပါး၊ အခြေပြုမူလတန်းအောင် (၁၁)ပါး၊ စုစုပေါင်း(၁၈)ပါး တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ/မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များက စာအောင်လက်မှတ်နှင့် စာအောင်ဆုများကို ဆက်ကပ်ကြသည်။ ဆက်လက်၍ အစိုးရပါဠိပထမပြန် စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ထည့်ဝင်လှူဒါန်းပေးသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးသည်။
ယင်းနောက် လှူဒါန်းမှုအစုစုတို့အတွက် မြို့နယ်သံဃနာယကအဖွဲ့(သုဓမ္မာ) ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တသောဘနထံမှ အနုမောဒနာ ရေစက်သွန်းချ အမျှပေးတရားတော်ကို နာယူတော်မူကြပြီး၊ အစိုးရပါဠိ ပထမပြန် စူဠဘွဲ့နှင်းသဘင်အခမ်းအနားအား “ဗုဒ္ဓသာသနံစိရံ တိဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
စိုးမိုးအောင်