အိမ်မဲမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

အိမ်မဲ မေ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်က ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရာနှုန်းပြည့်ထိုးနှံနိုင်ရေး၊ ဆို၊ က ရေး၊ တီး ပြိုင်ပွဲတွင် မြို့နယ်အတွင်းမှ ပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ ကဆုန်လပြည့်နေ့တွင် သံဃာတော်များအား ဆွမ်းဆန်၊ ဆီ၊ ဆား ကပ်လှူနိုင်ရေးနှင့် ကွင်းကျောင်းဆရာတော်အား ဂုဏ်ပြု ပွဲပြုလုပ်ပေးမည်ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ရဲမှူးကြီးက မြို့နယ်အတွင်း မိုးအကြိုကာလ ရောက်ရှိလာပြီဖြစ်သောကြောင့် ခိုး၊ ဆိုး၊ လု၊ နှိုက်များ မဖြစ်ပေါ်စေရေးအတွက် လုံခြုံရေးများဖြင့် မြို့နယ်အတွင်း ပတ်ကင်းများ ဆောင်ရွက်ကြောင်း၊ ညအချိန် ခရီးသွားခြင်းကို ရှောင်ကြဉ်သင့်ကြောင်း၊ သွားသတိ၊ စားသတိ၊ နေသတိများဖြင့် နေသင့်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနတို့မှ ယခုလာမည့်စနေနေ့တွင် အ.ထ.က(၂) ကျောင်းရှေ့၌ ရေစီးရေလာကောင်းမွန်ရေး ရေမြောင်းများ တူးဖော်ခြင်း၊ ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးများ လိုက်လံခတ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် သက်ဆိုင်ရာဌာနဆိုင်ရာများက မိမိတို့ဌာနများ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ)