ရပ်စောက်မြို့နယ် မြင်တောင်ကျေးရွာအုပ်စု၌ နယ်လှည့်ဆေးကုသရေးလုပ်ငန်းများဆောင်ရွက်

ရပ်စောက် မေ ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ မြင်တောင်ကျေးရွာအုပ်စု၊ တီးတောက်ကုန်းကျေးရွာရှိ အောင်စံမာန်ဘုန်းတော်ကြီးကျောင်းတွင် ယနေ့နံနက်(၇)နာရီမှစတင်ကာ နယ်လှည့်ဆေးကုသရေးလုပ်ငန်းများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗထူးတပ်နယ်မှတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ခံများက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နယ်လှည့်ဆေးကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဗထူးတပ်နယ်မှ ဗိုလ်မှူးရန်နိုင်ဝင်း ဦးဆောင်သော နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား ရောဂါများစမ်းသပ်ကုသပေးခြင်းနှင့် လိုအပ်သည့်ဆေးဝါးများ အခမဲ့ပေးခြင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံပေးခြင်း၊ မြို့နယ်တိုင်းရင်းဆေးကုသရေးဦးစီးဌာနမှ မြန်မာ့တိုင်းရင်းဆေးပညာဖြင့်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးပြီး တိုင်းရင်းဆေးဝါးများကို အခမဲ့ပေးခြင်းများဆောင်ရွက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြပြီး မြင်တောင်ကျေးရွာ အုပ်စုအတွင်းရှိ ဒေသခံပြည်သူ (၂၅၀)ဦးခန့်မှ ဆေးလာရောက်ကုသခဲ့ကြကြောင်းနှင့် အဆိုပါနယ်လှည့်ဆေးကုသရေးလုပ်ငန်းကို အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ကျေးရွာများသို့ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နယ်လှည့်ဆေးကုသရေးလုပ်ငန်းဆောင်ရွက်ရာသို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗထူးတပ်နယ်မှူး ဗိုလ်မှူးချုပ်လှမိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။ ထို့အပြင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရပ်စောက်မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးခြင်းနှင့် ဗထူးတပ်နယ်မှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြင်တောင်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံများနှင့်တွေ့ဆုံကာ လမ်း/တံတား တည်ဆောက်ရေးလုပ်ငန်းများ၊ ရေရရှိရေးလုပ်ငန်းများစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ဆုမွန်(မြို့နယ်ပြန်/ဆက်)