လင်းခေးတွင် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

လင်းခေး မေ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်သစ်တောဦးစီးဌာနကကြီးမှူး၍ မိုးရာသီအကြိုစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီခွဲက လင်းခေးမြို့၊ ပုန်းထွန်ကျေးရွာအုပ်စုရှိ တပ်နယ်စိုက်ကွင်းတစ်ခု၌  ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စိုက်ပျိုးပွဲတော်မကျင်းပမီ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လင်းခေးခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်း၊ တပ်နယ်မှူးဗိုလ်မှူးကြီးသန့် ထင်စိုး၊ ခရိုင်သစ်တောဦးစီးဌာနမှူး ဦးအမ်ခေါစော၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြို့ဆောင်နှင့် မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးအောင်မိုးတို့က ဌာနဆိုင်ရာများ၊ လူမှုရေးနှင့် ပရဟိတအသင်းအဖွဲ့ဝင်များထံသို့ ပျိုးပင်များ အသီးသီးပေးအပ်ခဲ့ကြပါသည်။

ယင်းနောက် တက်ရောက်လာကြသူများအားလုံးက စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တပ်နယ်မှူးနှင့် တာဝန်ရှိသူတို့က စုပေါင်းစိုက်ပျိုးနေမှုအခြေအနေအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး၊ စိုက်ပျိုးပွဲတော်ကို ရုပ်သိမ်း လိုက်သည်။

ယနေ့စိုက်ပျိုးခဲ့ကြသောပျိုး ပင်(သစ်ပင်အမျိုးအစား)များမှာ မာတာကွတ်(ခေါ်) ငှက်သကြားပင်(၁၂၀)ပင်၊ ကျွန်း(၆၀)ပင်၊ ပေါက်ပန်းဖြူ(၁၂၀)၊ စိန်ပန်း(၁၂၀)၊ ပိန္နဲ (၆၀)ပင် နှင့် ကုက္ကိုလ်ပျိုးပင်(၁၂၀)ပင် စုစုပေါင်းသစ်ပင်(၆၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

စိုက်ပျိုးပွဲတော်သို့ လင်းခေးခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တပ်နယ်မှူးနှင့် တပ်နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများနှင့် မိသားစုဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ နှင့်ဝန်ထမ်းများ၊ လူမှုရေးနှင့် လူမှုကူညီရေးပရဟိတအသင်းအဖွဲ့ဝင်များ၊ မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူလူထု အင်အားစုစုပေါင်း (၂၂၃)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

စိုင်းဇော်လတ်(လင်းခေး)