နောင်ချို မေ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ဟော်တော်ကျောင်းတိုက်၌ ၂၀၂၁ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသော စာအောင်သံဃာတော်၊ သီလရှင်များအား ချီးကျူးပူဇော်ပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို မေလ နံနက်(၉)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော် ရွှေတံဆိပ်(၆)ဆုရှင် မြင်းမူ မသန္တာမြင့်မှ ထူးမခြားနား သီချင်းဖြင့် သီဆိုပူဇော်ခဲ့သည်။၎င်းနောက် ပြည်နယ် သံဃဝန်ဆောင်ဆရာတော် ဟော်တော်ကျောင်း ဆရာတော်ထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကာ ဆရာတော်မှ ဩဝါဒကထာ မိန့်ကြားခဲ့ပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကြည်တိုးက သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြခဲ့သည်။
ဆက်လက်၍ ၂၀၂၁ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသော ရဟန်း သာမဏေ သီလရှင်များအား အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်ခဲ့ရာတွင် ပထမကြီးတန်း(၁)ပါး၊ ပထမငယ်တန်း (၁)ပါး၊ အခြေပြုမူလတန်း(၂၆)ပါး၊ စုစုပေါင်း(၂၉)ပါးတို့ကို အမှတ်(၉၀၂) အမြောက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ အမြောက်စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး နိုင်ဝင်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကြည်တိုးနှင့် ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက အောင်လက်မှတ်နှင့် စာအောင်ဆုများကို အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
၎င်းနောက် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ် ရွတ်ဆို ပိတ်သမ်းခဲ့ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)