မိုင်းကိုင် မေ ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ယနေ့မနက် ၉ နာရီက လူကုန်ကူးမှုပပျောက်ရေး အသိပညာပေး Talk Show ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးက Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွန်း ၊ မြို့နယ်ဥပဒေအရာရှိ ဦးဇေယျာကျော်တို့က လူကုန်ကူးမှု၏အဓိပ္ပာယ်၊ လူကုန်ကူးမှုပုံစံအမျိုးမျိုး၊ လူကုန်ကူးခံရနိုင်ချေရှိသူများ၊ လူကုန်ကူးမှုကျူးလွန်သူများကို အမှုဖွင့်တိုင်ကြားခြင်း၊ တရားစွဲဆိုပုံနှင့် အရေးယူနိုင်သည့် ပြစ်မှုပြစ်ဒဏ်များ၊ နိုင်ငံတော်မှ လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ခြင်းနှင့် ပြန်လည်ပြုစုပျိုးထောင်ပေးခြင်းလုပ်ငန်းများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အသိပညာပေး ဆွေးနွေးချက်များကို ကလေးသူငယ်၊ လူငယ်လူရွယ်၊ အမျိုးသား၊ အမျိုးသမီး၊ မိဘပြည်သူအားလုံး လူကုန်ကူးမှုအန္တရာယ်မှ ကင်းဝေးကြစေရန်နှင့် ဗဟုသုတတိုးပွားစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ပြန်လည်ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)