ပင်လောင်း မေ ၁၁
ကျေးလက်နေပြည်သူများမှ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို တွဲဖက်လုပ်ကိုင် တတ်စေရန်နှင့် အဟာရပြည့်ဝသော တိရစ္ဆာန်အစာများရရှိစေရန် ရည်ရွယ်၍ ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ဘန့်ပြင်ကျေးရွာအုပ်စု နောင်မူကျေးရွာတွင် ဇီဝမြေသြဇာပြုလုပ်နည်းနှင့် မြက်ချဉ်ဖတ်ပြုလုပ်နည်းသင်တန်းကို မေလ ၉ ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး မေလ ၁၁ ရက် နံနက်ပိုင်းက သင်တန်းဆင်းပွဲပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနီနီဝင်းက နောင်မူကျေးရွာသည် အသားစားနွား(၁၀၀)ကောင် မွေးမြူထုတ်လုပ်ရေး စီမံချက်ဆောင်ရွက်မည့် ကျေးရွာတစ်ရွာဖြစ်သည့်အတွက် အစာရှားပါးမှုပြဿနာအား ဖြေရှင်းပေးနိုင်ရန်၊ တိရစ္ဆာန်များ အာဟာရပြည့်ဝစွာ စားသုံးနိုင်ဖို့ အာဟာရပြည့်ဝသော မြက်မျိုးများ စိုက်ပျိုးရန်လိုအပ်ပြီး စိုက်ပျိုးထားသည့် မြက်များကို မိမိတိရစ္ဆာန်များအား ဝဝလင်လင်ကျွေးနိုင်မည်ဖြစ်ကြောင်း၊ နွေရာသီအစာရှားပါးမှုမရှိစေရန် မြက်ချဉ်ဖတ်ပြုလုပ်ထားပြီး အာဟာရမပျက်ကျွေးနိုင်သဖြင့် မြက်ချဉ်ဖတ်သင်တန်းနှင့် သဘာဝမြေသြဇာအား အသုံးပြုခြင်းဖြင့် မြေဆီလွှာပျက်စီးမှုကို ထိန်းသိမ်းနိုင်ပြီး မိမိတို့ မွေးမြူထားသော တိရစ္ဆာန်များမှ စွန့်ပစ်အညစ် အကြေးဖြင့် ဇီဝမြေသြဇာကို ပြုလုပ်နိုင်ကြောင်း၊ ဇီဝမြေသြဇာ အသုံးပြုခြင်းဖြင့် ကုန်ကျစရိတ် သက်သာပြီး သီးနှံအထွက်နှုန်းလည်းကောင်းကြောင်း၊ ထိုကဲ့သို့ အကျိုးကျေးဇူးရရှိနိုင်သည့် ဇီဝမြေသြဇာ ပြုလုပ်နည်း သင်တန်းကိုပါ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် တောင်သူများမှသိရှိလိုသည့် မွေးမြူရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း၊ အဆိုပါသင်တန်းကို ပင်လောင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အရာရှိဝန်ထမ်းများက စာတွေ့လက်တွေ့ဖြင့် သင်ကြားပြသပေးခဲ့ကြောင်း၊ သင်တန်းတွင် သင်တန်းသား(၂၀)ဦး တက်ရောက်လေ့လာသင်ယူခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်