မိုးကောင်းမြို့နယ်တွင် မြို့နယ်အဆင့် (Grade-5)သင်ရိုးသစ် face to face သင်တန်းဖွင့်လှစ်

မိုးကောင်း မေ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် Grade-5 သင်ရိုးသစ်ဆင့်ပွါးသင်တန်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်တွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ဆင့်ပွါးသင်တန်း ပို့ချပေးလျက်ရှိကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်နွယ်နွယ်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နဲ့ သင်ရိုးသစ်၏ ဆရာလမ်းညွှန်ချက်များ အသုံးချပုံ နားလည်သဘောပေါက်စေရေး ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းတွင် နည်းပြ (၃၈)ဦး၊ ကြီးကြပ် (၄)ဦး၊ သင်တန်းမှူး (၄)ဦးဖြင့် သင်တန်းသား ဆရာ (၅၉)ဦး၊ ဆရာမ (၄၉၁)ဦး စုစုပေါင်း သင်တန်းသား (၅၅၀)ဦးအား သင်တန်းခန်း (၁၉)ခန်းခွဲ၍ မေလ (၁၀)ရက်မှ (၁၃)ရက်ထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ လူမှုရေး၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ကာယပညာနှင့် လူမှုရေးပညာရပ်တို့ကို ပြန်လည်ပို့ချ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)