ကျောက်မဲ မေ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ "မီးခိုးမြူငွေ့အန္တရာယ်ဝိုင်းဝန်းစုပေါင်းကာကွယ်" ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နှင်းရည်က Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောက်မဲခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇာခြည်ထွန်းက မီးခိုးမြူငွေ့အမျိုးအစားများ၊ မီးခိုးမြူငွေ့ဖြစ်ပေါ်ရခြင်းအကြောင်းအရင်း၊ မီးခိုးမြူငွေ့ဖြစ်ပေါ်ခြင်းကြောင့်ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ ဆိုးကျိုးများနှင့် ကာကွယ်ရမည့်နည်းလမ်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများဗဟုသုတ ရရှိစေရန် ရည်ရွယ်ပြီး ဌာနဆိုင်ရာများ၊ တတ်သိပညာရှင်များနှင့် ချိတ်ဆက်၍ အသိပညာပေး Talk Show များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါ ဆွေးနွေးချက် ရုပ်သံအပြည့်အစုံတို့ကို ကျောက်မဲခရိုင် ပြည်သူ့စာကြည့်တိုက် Page တွင် လွှင့်တင်ပေးသွားမည်ကြောင်း သိရသည်။
မိုင်းထွန်း (ပြန်/ဆက်)