ဖားကန့်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားနိုင်သည့် မှော်၊ လုပ်ကွက်၊ ကျင်းဟောင်း နေရာများအား မြေပြင်ကွင်းဆင်း စိစစ်ရေးအဖွဲ့ (၆)ဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

ဖားကန့်  မေ ၁၁

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားနိုင်သည့် မှော်၊ လုပ်ကွက်နှင့် ကျင်း​ဟောင်းနေရာများအား မေလ(၂)ရက်မှစတင်၍ မြေပြင်ကွင်းဆင်း စိစစ်ရေးအဖွဲ့ (၆)ဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

မိုးရာသီကာလအတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုများ ကြုံတွေ့ခဲ့ရခြင်းနှင့် ပက်သက်၍ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများအတွက် ​မြေပြင်ကွင်းဆင်းဆောင်ရွက်နိုင်ရန် မြိို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ ပါဝင်သောမြေပြင်ကွင်းဆင်း စိစစ်ရေးအဖွဲ့ (၆)ဖွဲ့အား ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး မေလပထမ အပတ်မှစတင်ကာ လက်ရှိအချိန်ထိ ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြေပြင်ကွင်းဆင်းစိစစ်ရေး အဖွဲ့ (၁)မှ မော်ဝမ်းရပ်ကွက် (မော်မောင်း၊ မော်ဝမ်းလေး၊ မော်ဝမ်းကြီး)နှင့် မြို့မရပ်ကွက်အတွင်း သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာ နိုင်ခြေရှိသည့် နေရာများအား စစ်ဆေးခြင်း၊ မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့ (၂)မှ အေးမြသာယာရပ်ကွက်၊ ရှရော်ခ၊ မန၊ မျောက်ဖြူကျေးရွာများတွင် စစ်ဆေးခြင်း၊ မြေပြင်ကွင်းဆင်း စိစစ်ရေးအဖွဲ့ (၃)မှ လုံးခင်းကျေးရွာအုပ်စု၊ ငိုးပင်း၊ ဝါကျဲ၊ မှော်စီစာလုပ်ကွက်၊ ကျင်းဟောင်းများတွင် စစ်ဆေးခြင်း၊ မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့ (၄)မှ ဆိပ်မူကျေးရွာ အုပ်စု၊ စပေါ့၊ ဘဇံချောက်၊ မှော်ရှန်၊ ကောင်ဆန်၊တောင်းကော့၊ ကရင်ချောင်၊ နမ့်မှော်၊ မှော်လကင်ကျေးရွာများတွင် စစ်ဆေးခြင်း၊ ကွင်းဆင်းစိစစ်ရေးအဖွဲ့ (၅)မှ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါ၊ မှော်ဂလုံ၊ မကားပင် ကျေးရွာများတွင် စစ်ဆေးခြင်းနှင့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ (၆)မှ ဆိပ်မူကျေးရွာအုပ်စု၊ ဖားပြင်၊ မမုံ၊ မက်လင်ချောင်/ဆိုင်းဂျာဘွမ်ကျေးရွာများတွင် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထို့ပြင် ဖားကန့်မြို့နယ်အတွင်း မိုးရွာသွန်းမှုကြောင့် မှော်လုပ်ကွက်ဟောင်းနေရာများတွင် မြေပြို /မြေစာပုံလျောကျ၊ မြေလွှာအက်ကွဲကြောင်းများစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ် လာနိုင်သဖြင့် မြို့နယ်သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ဝင်များပါဝင်သော မြေပြင်ကွင်းဆင်း စိစစ်ရေးအဖွဲ့ (၆)ဖွဲ့အနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေး အဖွဲ့များနှင့် အမြဲမပြတ်ချိတ်ဆက်ဆောင်ရွက်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးသန္တာဦး (ပြန် /ဆက်)