နမ္မတူ မေ ၁၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာသင်ရိုးသစ် (Grade-5) မြို့နယ်အဆင့် (Face to Face) ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီက အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးက အမှာစကားပြောကြားရာတွင် အခြေခံပညာအရည်အသွေး တိုးတက်ရန်အတွက် ပညာရေးပြုပြင်ပြောင်းလဲမှု၏ အရေးပါသော ဆောင်ရွက်မှုတစ်ခုဖြစ်လာစေရန်၊ လာမည့်စာသင်နှစ်တွင် ပဉ္စမတန်းကလေးများအား သင်ကြားပေးနိုင်ရန်အတွက် ပဉ္စမတန်း သင်ရိုးသစ်ကို မိတ်ဆက်ပေးရန်၊ ပဉ္စမတန်းသင်ရိုးကို လေ့လာရာတွင် မူလတန်းအဆင့် သင်ရိုးအားလုံးကိုခြုံငုံမိပြီးနောက် အလယ်တန်းအဆင့်သင်ရိုးနှင့် ချိတ်ဆက်မှုများကိုသိရှိရန်၊ ဘာသာရပ်အားလုံးတွင်ပါဝင်သော သင်ယူမှုအကြောင်းအရာနှင့် သင်ယူမှုလုပ်ငန်းများသည် မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူများ၏ ကျွမ်းကျင်မှု အရည်အသွေးများကို တိုးတက်စေပြီး အလယ်တန်းအဆင့် သင်ကြားရာတွင်လည်း အဆင့်သင့်ဖြစ်စေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် (Grade-5) မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်နိုင်က သင်တန်းနှင့်ပတ်သက်၍ လိုက်နာရန် စည်းကမ်းချက်များ၊ လိုအပ်ချက်များနှင့် သင်တန်းတက်ရောက်မည့် ဆရာ၊ ဆရာမများအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိသည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။
အဆိုပါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာသင်ရိုးသစ် (Grade-5) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို နမ္မတူမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် မေလ (၁၀)ရက်နေ့မှ (၁၃)ရက်နေ့အထိ လေးရက်အကြာ နံနက် (၉)နာရီမှ ညနေ (၄)နာရီအထိ ဘာသာရပ်ခေါင်းစဉ်အလိုက် အချိန်စာရင်းဖြင့် စာသင်ခန်း (၇) ခန်းခွဲ၍ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးထံက သိရသည်။
လူမော် (ပြန်/ဆက်)