နမ္မတူမြို့နယ်တွင် အသက် (၄၀)နှစ်နှင့်အထက် ပြည်သူ ၃၇၀ ဦးအား တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ အပိုဆောင်းကာကွယ်ဆေး (Booster Does)များ ထိုးနှံပေးပြီး

နမ္မတူ မေ ၁၁

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများထိုးနှံပေးလျက်ရှိရာ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အသက် (၄၀) နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူ ၃၇၀ ဦးအား တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ အပိုဆောင်းကာကွယ်ဆေး (Booster Does) များ ထိုးနှံပေးပြီးပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ သိရသည်။

ထိုသို့ အပိုဆောင်းကာကွယ်ဆေးများ ထိုးနှံပေးရာတွင် အသက် (၄၀) နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူ မေလ (၃) ရက်နေ့တွင် (၁၄၀) ဦးအားလည်းကောင်း၊ မေလ (၅) ရက်နေ့တွင် (၁၅၀) ဦးအားလည်းကောင်း၊ မေလ (၁၀) ရက်နေ့တွင် (၈၀) ဦးအားလည်းကောင်း၊ စုစုပေါင်း (၃၇၀) ဦးအား Sinopharm အမျိုးအစားကာကွယ်ဆေးနှင့် AstraZeneca အမျိုးအစား ကာကွယ်ဆေးများအား ထိုးနှံပေးခြင်းဖြစ်ကြောင်း နမ္မတူမြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာနေရာသို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက အနီးကပ်ကြီးကြပ်လျက်  မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများက  ဆေးထိုးရန်လာရောက်သည့် တိုင်းရင်းသားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ အောက်ဆီဂျင်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ စာရင်းအချက်အလက်များ ကောက်ယူပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပြီးသည့် ပြည်သူများအား (၁၅)မိနစ်ခန့်အနားယူစေခြင်းနှင့် လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်‌ဆေးထိုးနှံပြီးသည့် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူ (၂၃၂၅၆) ဦးရှိပြီး ရာနှုန်းပြည့်ကာကွယ်ဆေး လွှမ်းခြုံနိုင်ရေးအတွက် ယခုလို တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ အပိုဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

လူမော် (ပြန်/ဆက်)