သရက်ချောင်းမြို့နယ်အတွင်း ရာသီပေါ်ဒူးရင်းသီးနှင့် မင်းဂွတ်သီးများ ပေါ်ဦးပေါ်ဖျားကာလ၌ ဈေးကောင်းရရှိ

သရက်ချောင်း   မေ   ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ ရာသီအလိုက်ထွက်ရှိသည့် ဒူးရင်းသီးနှင့် မင်းဂွတ်သီးများ လက်ရှိအချိန် ပေါ်ဦးပေါ်ဖျားကာလ၌ ဈေးကောင်းရရှိနေကြောင်း စိုက်ပျိုးသူများ၏ ပြောကြားချက်အရ သိရသည်။

ပြောင်းလဲလာသည့် ရာသီဥတု၊ သဘာဝအခြေအနေများကြောင့် ဒေသထွက်မျိုးများဖြစ်သည့် ဒူးရင်းပင်၊ မင်းဂွတ်ပင်တို့မှာ အသီးအထွက်နှုန်းကျဆင်းလာကြောင်း၊ ဒေသထွက် ဒူးရင်းသီးပင်ကြွေအသီးများ၏ ဈေးနှုန်းမှာ အရွယ်အစား၊ အသီးရင့်မှည့်မှု၊ အရသာအရည်အသွေးတို့အပေါ် မူတည်၍ တစ်လုံးလျှင် ၂၅၀၀ ကျပ် မှ ၅၀၀၀ ကျပ်အထိ ဈေးရရှိကြောင်း၊ မင်းဂွတ်သီးမှာလည်း အရွယ်အစားအလိုက် တစ်လုံးလျှင် အနည်းဆုံး ကျပ် ၁၅၀ မှ ၁၈၀ အထိ ဈေးရရှိကြောင်း မြို့မရပ်ကွက်၊ နှင်းဆီလမ်းနေ ဒူးရင်းခြံပိုင်ရှင် ဒေါ်တင်နုက ပြောသည်။

ဒေသထွက်ဒူးရင်းသီး၊ မင်းဂွတ်သီးတို့မှာ သဘာဝအတိုင်း စိုက်ပျိုးထားကြခြင်းကြောင့် အရသာလတ်ဆတ်ကောင်းမွန်ရာ လူကြိုက်များကြောင်းရာသီပေါ်စဖြစ်သောကြောင့် ခရီးသွားလာသူများ အိမ်ပြန်လက်ဆောင်အဖြစ် ဝယ်ယူမှုများကြောင်းသီးနှံများမှာ ခူးဆွတ်ပြီး ရက်ကြာသွားပါက ပျက်စီးမှုရှိသောကြောင့် ဝယ်ယူသူများကြိုက်အောင် လတ်ဆတ်သည့် အသီးများကို ဂရုစိုက်ဝယ်ယူ၍ ပြန်လည်ရောင်းချရကြောင်း ဒေသထွက်သစ်သီးများ ရောင်းချနေသူများထံမှ သိရသည်။

နန်းခလိုက် (သရက်ချောင်း)