ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များသို့ စာအုပ်၊စာစောင်များ ထပ်ဆင့်လှူဒါန်းပွဲ ကျင်းပ

မြောက်ဥက္ကလာပ မေ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ စံညီစာကြည့်တိုက် (၄)တိုက်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသော စာအုပ်စာစောင်များ ထပ်ဆင့်လှူဒါန်းပွဲကို  ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအ‌ခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသော စာအုပ်စာစောင်များ ထပ်ဆင့်လှူဒါန်းပွဲ အခမ်းအနားတွင် မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဝင်းက  မြောက်ဥက္ကလာပမြို့နယ်အတွင်း စံညီစာကြည့်တိုက် (၅)တိုက်ရှိပြီး အဆိုပါ စာကြည့်တိုက်များကို ရှင်သန်ဖွံ့ဖြိုး တိုးတက်စေလိုကြောင်း၊ ဆက်လက်ပြီးလည်း စာအုပ်၊စာစောင်များ တိုးပွားရရှိရေး ဆောင်ရွက်ကြစေလိုကြောင်း၊   စာကြည့်တိုက် ရှင်သန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် စာကြည့်တိုက် ကော်မတီ၀င်များ ပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်လှလှထွေးက စာအုပ်စာစောင်များ လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ စာကြည့်တိုက်များကို ရှင်သန်စေလိုကြောင်း၊ ယနေ့လှူဒါန်းခြင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ  လှူဒါန်းရရှိသော စာအုပ်များကို မြို့နယ်များရှိ ရှင်သန်နေသော စာကြည့်တိုက်များသို့ လှူဒါန်းခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ စာကြည့်တိုက်အားလုံး ရှင်သန်ရေးအတွက် မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှု ကော်မတီနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တက်ရောက်လာသူများမှလည်း စာကြည့်တိုက်များ ပုံမှန်ဖွင့်လှစ်၍ ရှင်သန်ခိုင်မာရေးအတွက် ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြာခဲ့ပြီး လှူဒါန်းစာအုပ်များအား သက်ဆိုင်ရာ စာကြည့်တိုက်များသို့ ပေးအပ်လှူဒါန်းခဲ့ပြီး ရပ်ကွက်စာကြည့်တိုက် ကော်မတီဝင် ဦးလှစိုးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ လှူဒါန်းပွဲ အခမ်းအနားအပြီးတွင် တက်ရောက်လာသူများက မြို့နယ်ရုံးတွင် ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များအား လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)