မြစ်ကြီးနားမြို့ အေးမြသာယာအဆင့်မြင့်ဈေး၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်သင်ကြားပေးသွားမည်

ပူတာအို မေ ၁၁

ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် တစ်ဦးချင်း၀င်ငွေ တိုးတက်ရရှိလာစေရန် ရည်ရွယ်၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို မေ(၁၆)ရက်မှ (၂၀)ရက်နေ့အထိ မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်ရှိ အေးမြသာယာအဆင့်မြင့်ဈေး အပေါ်ထပ် ၃ လွှာ C ရုံ 3D(ဒစ်ဂျယ်တယ်ရုပ်ရှင်ရုံ)အနီးတွင် ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။

အဆိုပါ အေးမြသာယာ ဈေးသူဈေးသားများ၏ တောင်းဆိုချက်အရ ဈေးသူဈေးသား စုစုပေါင်း (၂၆)ဦးတို့ကို လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ငါးရက်ကြာ ဖွင့်လှစ်ပို့ချပေးမည်ဖြစ်ပြီး သင်တန်းတွင် ဆပ်ပြာခရင်(မ်)၊ Coffee Scrub၊ ခေါင်းလျှော်ရည်၊ မျက်နှာသစ်ဆပ်ပြာခဲ၊ ပန်ကန်ဆေးဆပ်ပြာရည်၊ ရေချိုးဆပ်ပြာရည်၊ အ၀တ်လျှော်ဆပ်ပြာရည်၊ လက်ဆေးဆပ်ပြာရည်၊ ကြွေပြားသန့်စင်ဆေးရည်နှင့် Hand gel ပါ(၁၀)မျိုးအပြင် ဈေးသူဈေးသားများ ထုတ်လုပ်ရောင်းချလိုသည့် ပစ္စည်းအမယ်များကို အေးမြသာယာ ဈေးကော်မတီ၏ ဘတ်ဂျက်ဖြင့် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။

ယင်းသင်တန်းကို ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ နည်းပြ သုတေသန-၄ ဒေါ်မာမာလင်းနှင့် နည်းပြအကူ ဒေါ်ယဉ်ငြိမ်းအေးတို့မှ စာတွေ့ ၃၀ ရာခိုင်နှုန်း လက်တွေ့ ၇၀ ရာခိုင်နှုန်းဖြင့် အတတ်သင်ကြား ပေးသွားမည်ဖြစ်ပြီး အဆိုပါ အေးမြသာယာဈေးသည် လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသည့် နေရာဖြစ်ခြင်းနှင့် သန့်ရှင်းသပ်ရပ်သည့် အဆင့်မြင့်ဈေးရုံသစ်ကြီး တစ်ရုံဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် ခရိုင်/ မြို့နယ်/ ကျေးရွာတို့တွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဒေသခံပြည်သူအများ တောင်းဆိုလာသည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၊ တန်ဖိုးမြှင့် စားသောက်ကုန်သင်တန်း၊ ကြိမ်ဝါးလက်မှုထည်လုပ်ငန်းသင်တန်း၊ ရက်ကန်းသင်တန်း၊ စက်ချုပ်သင်တန်း၊ ဆိုင်ကယ်ပြုပြင်နည်းသင်တန်း စသည့် သင်တန်းများကို ဒေသခံပြည်သူများ တစ်ဖက်တစ်လမ်းမှ ၀င်ငွေတိုးပွားလာစေရန်အတွက် စဉ်ဆက်မပြတ် သင်တန်းဖွင့်လှစ် ပို့ချပေးလျက်ရှိကြောင်း ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်မောင်းထံမှ သိရသည်။

ဖုန်ကန်(ပူတာအို)