မိုင်းဆတ်မြို့၌ Grade-5 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်

မိုင်းဆတ် မေ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ Grade-5 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို မေလ ၁၀ ရက်နေ့ နံနက် ၉ နာရီက အ.ထ.က မိုင်းဆတ်ရှိ မြတ်ပညာခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ တာချီလိတ်ခရိုင်မှ ဦးစီးအရာရှိ ဦးအောင်ဆန်းဇော်က Grade-5 သင်ရိုးသစ် ဆင့်ပွားသင်တန်းဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားသည်။

ဆက်လက်၍ သင်တန်းမှူးမြို့နယ်ပညာရေးမှူး ဦးစိုင်းတင့်ဆန်းက သင်တန်းတက်ရောက်သည့် ဆရာ/ဆရာမများအနေဖြင့် မိမိတို့သင်ကြားနေသည့်တပည့်များကို စနစ်တကျသင်ကြားပေးစေလိုကြောင်း၊ သင်တန်းတွင်ပို့ချသည့် သင်ရိုးသစ်သင်ခန်းစာများ မိမိတို့ကိုယ်တိုင်နားလည် တတ်ကျွမ်းမှုရှိစေရန် သင်ယူကြစေလိုကြောင်းရှင်းလင်းပြောကြားပြီး သင်တန်းတာဝန်ခံ ဒုတိယမြို့နယ်ပညာရေးမှူး ဦးနိုင်ထူးအောင်က သင်တန်းစည်းကမ်းချက်များနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားသည်။

အဆိုပါ Grade-5 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းအား နည်းပြ(၁၂)ဦးဖြင့် သင်တန်းသား၊ သင်တန်းသူ ဆရာ/ဆရာမ(၂၀၀)ဦးကို မေလ(၁၀)ရက်နေ့မှ(၁၃)ရက်နေ့အထိ (၄)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

မြင့်မောင်(မိုင်းဆတ်)