ပူတာအို မေ ၁၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဒေသခံတိုင်းရင်းသူ အမျိုးသမီးငယ်များဘ၀ မိမိကိုယ်ပိုင်၀င်ငွေရရှိအောင် လုပ်ကိုင်နိုင်ရန်အတွက် အခြေခံစက်ချုပ်သင်တန်းကို မေလအတွင်း ကချင်ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း (မြစ်ကြီးနားမြို့)၌ အခမဲ့ဖွင့်လှစ် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ဒေသခံအမျိုးသမီးငယ်များ ဘ၀ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ကိုယ်ပိုင် စက်ချုပ်လုပ်ငန်း ထူထောင်ခြင်းနှင့် အထည်ချုပ်စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင် ၀င်ရောက်နိုင်ရန် ရည်မှန်း၍ ဖွင့်လှစ်သင်ကြား ပို့ချပေးရခြင်းဖြစ်ကြောင်း သိရသည်။
သင်တန်းသို့ ကချင်ပြည်နယ်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်၊ အင်ဂျန်းယာန်၊ ဆွမ်ပရာဘွမ်၊ မိုးညှင်း၊ ဗန်းမော် စသည့် ဒေသများမှ အမျိုးသမီးငယ်များ စုစုပေါင်း (၂၀)ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းတွင် စက်နှင်းအခြေခံ၊ အင်္ကျီရင်စေ့၊ ရင်ဖုံး၊ နောက်ကွဲအင်္ကျီ၊ ရှပ်အင်္ကျီ လက်ရှည်/တို၊ ဘောင်းဘီရှည်/တို၊ ၃/၄ လွှာစကတ်၊ ချိတ်စကတ်၊ ဂါ၀န်၊ သင်္ဘောသားအင်္ကျီ ချုပ်နည်းများကို စင်တီမီတင်္ဘောသားအင်္ကျီ ချုပ်နည်းများကို စင်တီမီတာနည်းဖြင့် သင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်မြင့်နှင့် နည်းပြ၊ လက်ထောက်နည်းပြများမှ အတတ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းသည် မြန်မာအမျိုးသမီးများဘ၀ အောင်မြင်တိုးတက်စေရန် အသက်မွေး၀မ်းကျောင်း သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သင်တန်းဆင်း ၈၀ ရာခိုင်နှုန်းမှာ ၎င်းတို့ရည်မှန်းချက်အတိုင်း ကိုယ်ပိုင်လုပ်ငန်း ထူထောင်ခြင်း၊ စက်ရုံအလုပ်ရုံများတွင် ၀င်ရောက်လုပ်ကိုင်ရာ၌ အထည်ချုပ်ဒီဇိုင်း၊ ခေတ်နှင့်အညီ ဈေးကွက်၀င်အထည်များ ချုပ်လုပ်တတ်ခြင်းဖြင့် မိသားစုအိုးအိမ်မကွာ ကိုယ်ပိုင်လုပ်ငန်း ပေါ်ထွန်းလာပြီး လုပ်အားနှင့်ညီမျှသည့် ၀င်ငွေရရှိသည့်အပြင် မြန်မာအမျိုးသမီးငယ်များအတွက် ထိရောက်အကျိုးရှိအောင် သင်တန်းပေးလျက်ရှိကြောင်း ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်မောင်းထံမှ သိရသည်။
ဖုန်ကန်(ပူတာအို)