ဇေယျာသီရိမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ရှေးဦးသူနာပြုစုနည်းအခြေခံသင်တန်းဖွင့်လှစ်

ဇေယျာသီရိ မေ  ၁၁

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဇေယျာသီရိမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)တို့ ပူးပေါင်း၍ ရှေးဦးသူနာပြုစုနည်းအခြေခံသင်တန်းကို ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်က ကျောင်းသား/ကျောင်းသူလူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ ကြက်ခြေနီနောက်ခံသမိုင်းကြောင်းကို သိရှိစေရန်နှင့် ကြက်ခြေနီစိတ်ဓာတ်များရှိလာပြီး လူမှုဂရုဏာလုပ်ငန်းများတွင် ပါဝင်ကူညီလာစေရန် ရည်ရွယ်ချက်ဖြင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဇေယျာသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယအုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဥတ္တရခရိုင်၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှူးဦးနိုင်ဝင်းစိုးက မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ရည်ရွယ်ချက်နှင့်အခန်းကဏ္ဍ၊ လုပ်ငန်းစဉ်(၃)ရပ်နှင့် သင်ကြားမည့်ဘာသာရပ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ရှေးဦးသူနာပြုစုနည်းအခြေခံသင်တန်းတွင် ရှေးဦးပြုစုခြင်းသဘောတရားနှင့် ရှေးဦးပြုစုသူများ၏ တာဝန်ဝတ္တရားများ၊ လူနာဆန်းစစ်ခြင်း၊ဆေးထည့်ခြင်းနှင့် ပတ်တီးစည်းခြင်း၊ အရိုးအဆစ်နှင့်ကြွက်သားများ ထိခိုက်ဒဏ်ရာရခြင်း၊ သတ္တဝါများကိုက်ခြင်း၊ တုပ်ခြင်းနှင့် မြွေကိုက်ခံရသည့်လူနာကို ပြုစုခြင်းနှင့် သယ်ဆောင်ခြင်းစသည့် အခြေခံပြုစုနည်းများကို မေလ ၁၁ ရက်နေ့မှ မေလ၁၃ ရက်နေ့ထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားပေးသွားမည်ဖြစ်ပြီး ၎င်းသင်တန်းကို ရွှေတွင်းကုန်းကျေးရွာ၊ သာစည်ကျေးရွာနှင့် ဗောဓိမြိုင်ကျေးရွာမှ သင်တန်းသား/သူ ၃၆ ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)