တာချီလိတ် မေ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် မိုးများသည်းထန်စွာရွာသွန်းပါက ရေကြီးရေလျှံမှုဖြစ်ပေါ်ပါက ကာကွယ်နိုင်ရန် မြို့နယ်စည်ပင်သာယာရေးဌာနမှ စက်ယန္တရားအကူအညီဖြင့် ယနေ့နံနက် ၈ နာရီအချိန်က J My King ဟိုတယ်အနီး တံတားတွင် ပိတ်ဆို့နေသောအမှိုက်များကို ရှင်းလင်းလျက်ရှိကြောင်း သိရသည်။
ယမန်နေ့ည ၅ နာရီခွဲအချိန်၌ မိုးများသည်းထန်စွာရွာသွန်းခဲ့သဖြင့် မကာဟိုခမ်းရပ်ကွက်၊ ဗိုလ်ချုပ် လမ်းမကြီးပေါ်ရှိ နမ့်ယွန်းချောင်းဖြတ်တံတားတွင် အမှိုက်များ ရုတ်တရက်ပိတ်ဆို့မှုဖြစ်ပေါ်ခဲ့သဖြင့် မကာဟိုခမ်း၊ တာလော့၊ ဆန်ဆိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ကြောင်း၊ လမ်းမကြီးပေါ်ရေလျှံမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ မိုးရွာသွန်းပြီးနောက် ရေကြီးရေလျှံမှု ထပ်မံမဖြစ်ပေါ်စေရေးအတွက် တာချီလိတ်စည်ပင်သာယာရေးဝန်ထမ်းများနှင့် အရန်မီးသတ်တပ်ဖွဲ့များပူးပေါင်းကာ နမ့်ယွန်ချောင်းတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရန် အမှိုက်များဆယ်ယူခဲ့ကြသည်။
ထိုကဲ့သို့ အချိန်မီဆောင်ရွက်နိုင်ခဲ့မှုကြောင့် အချိန်အနည်းငယ်အကြာတွင် ရေများပြန်လည်ကျဆင်းကာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားနိုင်ခဲ့ကြောင်း၊ စည်ပင်သာယာရေးဌာနမှ ရေနုတ်မြောင်းများတွင် အမှိုက်များ၊ နုံးများဆယ်ယူခြင်း၊ ရေမြောင်းများ ပြန်လည်တူးဖော်ခြင်းဖြင့် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ယာဆေး(ပြန်/ဆက်)