မိုင်းဆတ်မြို့၌  စာပေချစ်မြတ်နိုးသူများ စုပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

မိုင်းဆတ် မေ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မေလ(၁၀)ရက်နေ့နံနက်(၁၀)နာရီက စာရေးဆရာ အတ္တကျော်၏ “သားငယ်တို့နားလည်ဖို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များနှင့် အများပြည်သူများ အသိပညာဗဟုသုတရရှိစေရန်၊ အဆိုး၊ အကောင်း ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး သူ့အမြင်၊ ကိုယ့်အမြင်များ ဖလှယ်နိုင်စေရန်နှင့် စာဖတ်သည့်အလေ့အထများ ရရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍ ခရိုင်ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က "ယောကျာ်းဆိုတာမငိုရဘူး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်အိအိဖြိုးက "မိန်းကလေးများနှင့် ဆက်ဆံရေး" ခေါင်းစဉ်အောက်မှ ယောကျာ်းလေးနှင့်မိန်းကလေး မတူညီသည့်အကြောင်းအရာကိုလည်းကောင်း၊ ဒေါ်စန်းစန်းမြင့်က ချစ်ဗျူဟာခေါင်းစဉ်အောက်မှ  "ဘဝရဲ့ပထမဆုံးအကြိမ်" စသည့်အကြောင်းအရာတို့ကို ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် စာပေချစ်မြတ်နိုးသူ မောင်ဟိန်းထက်အောင်က “ယောကျ်ားဆိုတာမငိုရဘူးနှင့် ယောကျ်ားအသစ်” အကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော စာပေဝါသနာရှင်များကလည်း ပူးပေါင်းပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

မြင့်မောင်(မိုင်းဆတ်)