လှိုင်းဘွဲ မေ ၁၁
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးကင်းစမှ အသက် (၁) နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို အပတ်စဉ်ဗုဒ္ဓဟူးနေ့နှင့် ကြာသာပတေးနေ့တို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မွေးကင်းစမှ အသက် (၁) နှစ်ခွဲအောက် ကလေးငယ်များအား ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ ဘီရောဂါနှင့် ဦးနှောက်အမြှေးရောင်ရောဂါ၊ ပိုလိုယိုရောဂါများကို ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေး ထိုးနှံခြင်း၊ တိုက်ကျွေးခြင်း၊ အသိပညာပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေး ထိုးနှံခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စောဖိုးခွား(ပြန်/ဆက်)