တာမွေမြို့နယ်တွင် ရှေးဦးသူနာပြုစုနည်း အခြေခံသင်တန်း (အခမဲ့)ဖွင့်လှစ်

တာမွေ     မေ    ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ လူငယ်လူရွယ်လေးများနှင့် ကျောင်းသား/သူလေးများ အနေဖြင့် နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ရှေးဦးသူနာပြုစုနည်းနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး မိမိ၏မိသားစုနှင့် ပတ်ဝန်းကျင်ရှိ လူအများ၏ ကျန်းမာရေးကို တစ်ထောင့်တစ်နေရာမှ ကူညီစောင့်ရှောက်ပေးနိုင်စေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ရှေးဦးသူနာပြုစုနည်း အခြေခံသင်တန်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ (အခမဲ့) ဖွင့်လှစ်သင်ကြား ပို့ချပေးခဲ့သည်။

အခမ်းအနားတွင် တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးငြိမ်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် “ ယနေ့ဖွင့်လှစ်တဲ့ သင်တန်းဟာ ကျွန်တော်တို့ တာမွေမြို့နယ်အတွက် အရမ်းကိုအကျိုးရှိတဲ့ သင်တန်းတစ်ခုဖြစ်ပါကြောင်း၊ ဒီရှေးဦးသူနာပြုစုနည်းဆိုတာက မိမိကိုယ်တိုင်က ကျွမ်းကျင်စွာ တတ်မြောက်ထားတယ်ဆိုရင် မိမိနှင့်မိမိရဲ့မိသားစု ကျန်းမာရေးအတွက်သာမက မိမိပတ်ဝန်းကျင်ရှိ လူတို့၏အရေးပေါ်ကျန်းမာရေးအတွက်များစွာ အထောက်အကူ ဖြစ်စေနိုင်ပါကြောင်း၊ သင်တန်းကို တက်ရောက်လာတဲ့ သင်တန်းသား/သူတွေအနေနဲ့ သင်တန်းမှ သင်ကြားပို့ချ ပေးတာတွေကို ဂရုတစိုက် လေ့လာသင်ယူပြီး မိမိပတ်ဝန်းကျင်နှင့် အများပြည်သူအကျိုးကို သယ်ပိုးထမ်းဆောင်နိုင်တဲ့ နိုင်ငံ့သားကောင်း၊ သမီးကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း” စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် တာမွေမြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးအောင်မျိုးဦးက ရှေးဦးသူနာပြုစုနည်း အခြေခံသင်တန်းတွင် သင်ကြားပို့ချပေးမည့် ဘာသာရပ်များနှင့်ပတ်သက်၍ မိတ်ဆက်စကားပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက သင်တန်းသား/သူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြသည်။

အဆိုပါ  ရှေးဦးသူနာပြုစုနည်း အခြေခံသင်တန်းကို ၂၀၂၂-ခုနှစ် မေလ(၁၁)ရက်မှ မေလ(၁၃)ရက်နေ့အထိ မြို့နယ်အတွင်းရှိ ကျောင်းသား/သူလေးများနှင့် လူငယ်လူရွယ်လေးများအား ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ ရှေးဦးပြုစုနည်း အခြေခံ သဘောတရား၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း၊ မတော်တဆ ထိခိုက်ဒဏ်ရာများအား ရောဂါသက်သာစေရန် ကုသနည်းများ၊ အရေးပေါ်အသက်ကယ်လူနာအား ကိုင်တွယ်ခြင်းနှင့် သယ်ဆောင်နည်းများ၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်းများကို မြို့နယ်ကြက်ခြေနီအသင်းခွဲမှ နည်းပြဆရာများက စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်