မြဝတီ မေ ၁၁
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူ Women Club၊ Youth Club အသင်းဝင်များ စုပေါင်း၍ ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာတက္ကသိုလ် စိုးမိုးနိုင်ရေးသားသည့် “အောင်မြင်သူတို့၏နှလုံးအိမ်” သုတစာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ Women Club အသင်းဝင် ဒေါ်ကေခိုင်က “အောင်မြင်သူတို့၏နှလုံးအိမ်” ဆောင်းပါးများမှ အောင်မြင်သူတို့၏နှလုံးအိမ်၊ လောကဓံကိုစိန်ခေါ်ခြင်းနှင့် စိတ်ဓာတ်ခွန်အား ခေါင်းစဉ်များဖြင့် လောကဓံကြံ့ကြံ့ခံနိုင်မှုစွမ်းရည်များ၊ ဘဝလမ်းကြောင်း အောင်မြင်ကြီးပွားရေးအတွက် စိုက်ထုတ်ရမည့် စိတ်ဓာတ်ခွန်အားဆိုင်ရာများကို ဦးဆောင်ဆွေးနွေးပေးပြီး Youth Club အသင်းဝင် ဦးထိန်လင်းအောင်က လူတစ်ယောက်အောင်မြင်ဖို့ဆိုလျှင် မိမိကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ဝါယမ စိုက်ထုတ်ကြိုးစားရမည် ဖြစ်ကြောင်းကို ပြန်လည်ဆွေးနွေးပေးသည်။
ထို့နောက် တက်ရောက်ကြသည့် အသင်းအဖွဲ့ဝင်များက ဆွေးနွေးသုံးသပ်မှုအပေါ် မိမိတို့အမြင်များဖြင့် အကြံပြုဆွေးနွေးပေးခဲ့ကြသည်။ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ဝိုင်းများ ပုံမှန်ဆောင်ရွက်ပေးခြင်းအားဖြင့် အသင်းအဖွဲ့ဝင်အချင်းချင်း ရင်းနှီးချစ်ခင်မှုရရှိစေပြီး စာပေမှရရှိသည့် အသိပညာများကို သူတစ်ပါးအား ပြန်လည်မျှဝေပေးစေလိုသော ရည်ရွယ်ချက်ကောင်းများဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း (ပြန်/ဆက်)