ပိုင်ကျုံ မေ ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကိုလျော့နည်းစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့်ထိုးနှံပေးလျက်ရှိရာ ပိုင်ကျုံမြို့၊ တာကရားကျေးရွာအုပ်စု၊ တာကရာကျေးရွာ၌ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရမည့် ပြည်သူ(၆၀)ဦးနှင့် ကာကွယ်ဆေးမထိုးရသေးသည့် ပြည်သူ (၁၀) ဦး စုစုပေါင်း(၇၀)ဦးအား ယမန်နေ့က ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံမြို့တွင် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လမှစတင်ထိုးနှံပေးလျက်ရှိပြီး မြို့နယ်အတွင်းရှိ ဒေသနေပြည်သူများကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့နှင့်အလှမ်းဝေးသော ကျေးရွာအုပ်စုများ၊ သွားလာရန်ခက်ခဲသောကျေးရွာများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးသည့် မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်း၍ထိုးနှံပေးနေခြင်းဖြစ်သည်။
ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ပြည်သူများ အဆင်ပြေလွယ်ကူစေရန်အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)