အခြေခံပညာမူလတန်းအဆင့် (Grade-5) သင်ရိုးသစ် မြိတ်မြို့နယ်ရှိ ကျောင်း(၁၅၆)ကျောင်းမှ ဆရာ/ဆရာမများအား ဆင့်ပွားသင်တန်းဖွင့်လှစ်

မြိတ်  မေ  ၁၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ (Grade-5) သင်ရိုးသစ်ကို ကျောင်းသား/သူများအား သင်ကြားပေးမည့် ဆရာ/ဆရာမများကို အရည်အသွေး တိုးတက်မြင့်မားပြီး သင်ရိုးသစ်ဘာသာရပ်များ သင်ကြားရာတွင် ပိုမိုထိရောက်အောင်မြင်စေရေးနှင့် သင်ကြားပို့ချမှုများ အရည်အသွေးကောင်းမွန်စေရေး ရည်ရွယ်ချက်ဖြင့် အထက(၁)ကျောင်းတွင် (Grade-5) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

သင်တန်းကို မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း(၁၄၄)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးသင်ကျောင်း(၉)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၃)ကျောင်းတို့မှ  သင်တန်းသား/သူ ဆရာ/ဆရာမ (၆၇၈)ဦးကို  သင်တန်းနည်းပြ (၄၄) ဦးဖြင့် စာသင်တန်းပေါင်း(၂၂)ခန်းဖြင့် တစ်ခန်းလျှင် သင်တန်းသား (၃၀) ဦးဖြင့် သင်တန်းကာလ မေလ(၁၀) ရက်နေ့မှ(၁၃)ရက်နေ့ထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ပညာရေးမှူးရုံးမှသိရသည်။

(Grade-5)သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းတွင် သင်ရိုးသစ် (Grade-5) ဘာသာရပ်များအလိုက် သင်တန်းပထမနေ့တွင် မြန်မာ+လူမှုရေးဘာသာ ရပ်၊ ဒုတိယနေ့တွင် အင်္ဂလိပ်၊ တတိယနေ့တွင် သင်္ချာ၊ စတုတ္ထနေ့တွင် သိပ္ပံ+စာရိတ္တ၊ ကာယဘာသာရပ်များကို သင်တန်းနည်းပြမှ သင်ကြားပို့ချပေးလျက်ရှိရာ မြိတ်ခရိုင်ပညာရေးမှူး ဦးဉာဏ်ထွန်းနှင့် သင်တန်းကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။

ခိုင်ထူး(မြိတ်)