မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စက္ကူဖြင့် ပန်းအိုးနှင့်ပန်း အလှပြုပြင်နည်းပြသ

မန္တလေး မေ ၁၁

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Women Club တို့ ပူးပေါင်းကျင်းပသည့် စက္ကူဖြင့် ပန်းအိုးနှင့်ပန်းအလှပြုလုပ်နည်းပြသမှုကို ယနေ့နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ မန္တလေးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက "လူငယ်တွေ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချစေဖို့လက်မှုအနုပညာရပ်တွေ စိတ်ဝင်စားတတ်လာစေဖို့၊ တီထွင်ကြံဆတတ်တဲ့ အလေ့အကျင့်ကောင်းတွေရှိလာစေဖို့အတွက် ရည်ရွယ်ပြီးပြုလုပ်ပြသပေးတာ ဖြစ်ပါတယ်" ဟု ပြောကြားသည်။

ထို့နောက် စက္ကူပန်းအိုးပြုလုပ်ပြသသူ မသက်ဝေဖူးက စက္ကူပန်းအိုးလုပ်ဖို့ အသုံးပြုပြီးသား စက္ကူတွေကိုစုဆောင်းပြီး အလျား (၄) လက်မ အနံ (၂) လက်မ ကိုက်ထားပြီး ကန်တော့ချွန်ပုံ ဖန်တီးပြီး တစ်ခုနဲ့တစ်ခု ထပ်ထည့်ရင်း ပန်းအိုးပုံစံဖန်တီးရတာပါ။ ပန်းအိုးပြီးသွားရင် ပန်းအိုးမှာစိုက်မယ့် ပန်းကလေးတွေကိုတော့ နီဝါပြာရောင်စုံစက္ကူလေးတွေနဲ့ပုံဖော်ပြီး အရွက်ကိုတော့ အစိမ်းရောင်ပေါ့။ ပန်းအိုးနဲ့ ပန်းအလှပုံဖော်နေတဲ့အချိန် စိတ်တည်ငြိမ်မှုဖြစ်ပြီး ပုံဖော်ပြီးတဲ့အခါ ကြည်နူးရပါတယ်စားပွဲပေါ်တင်ဖို့ဖြစ်ဖြစ်၊ တစ်ဦးနဲ့တစ်ဦး မေတ္တာလက်ဆောင်ပေးဖို့ဖြစ်ဖြစ် အသုံးဝင်ပါတယ် ဟုပြောကြားခဲ့ကြောင်း သိရသည်။

မန္တလေး (ခရိုင်ပြန်/ဆက်)