မိုင်းခုတ် မေ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် လူငယ်အသင်း(Youth Club)တို့ ပူးပေါင်း၍ မေ ၉ ရက် နေ့လယ် ၁ နာရီက စာရေးဆရာ အတ္တကျော်၏ “သားငယ်တို့နားလည်ဖို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းကို ကျောင်းသား/ကျောင်းသူ၊ လူငယ်/လူရွယ်များနှင့် အများပြည်သူများ အသိပညာဗဟုသုတရရှိစေရန်၊ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး သူ့အမြင်/ကိုယ့်အမြင်များ ဖလှယ်နိုင်စေရန်နှင့် စာဖတ်သည့်အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)ဥက္ကဋ္ဌ ဦးဟန်ဝင်းစိုးက “ကိုယ်ခန္ဓာ” ခေါင်းစဉ်မှ ကြီးကောင်ဝင်စခန္ဓာကိုယ် အပြောင်းအလဲနှင့် ကျန်းမာရေးအကြောင်းအရာများကိုလည်းကောင်း၊ အဖွဲ့ဝင် ဦးကိုလေးက “ရှက်ရွံ့စိတ်” ခေါင်းစဉ်မှ အရှက်ဆိုတာဘာလဲ၊ ဘယ်လိုအခြေအနေမျိုးမှာ ရှက်မိသွားတတ်သလဲ၊ ရှက်တတ်တာကို ဖြေရှင်းနည်း၊ ရှက်ရွံ့တာဟာခွင့်လွှတ်စရာမဟုတ်၊ ရှက်ရွံ့မှုရဲ့ကောင်းကျိုး အကြောင်းအရာများကို လည်းကောင်း ဦးဆောင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် လူငယ်အသင်း(Youth Club)အဖွဲ့ဝင် မောင်ရဲဝင်းထွန်းက “ယောကျ်ားဘာသား ကျားကျားယားယား” ခေါင်းစဉ်မှ လူစွမ်းကောင်းများ၊ ရေလိုက်လွှဲနေကြတဲ့ ကျားကျားယားယား စံထားမှု အကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော စာပေဝါသနာရှင်များကလည်း ပူးပေါင်းပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)