ခမောက်ကြီး မေ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ခမောက်ကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများမှ ခမောက်ကြီးမြို့ ဗိုလ်ချုပ်လမ်းမကြီးနှင့် ရပ်ကွက်လမ်းကြားများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအား အများပြည်သူသိရှိလိုက်နာနိုင်ရန် အသံချဲ့စက်ဖြင့် ယနေ့နံနက်ပိုင်းက လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ယခုအခါ ကိုဗစ်-၁၉ရောဂါသည် အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကူးဆက်ရောဂါအသွင်ဖြင့် ပြန်လည်ကူးစက်နေပြီဖြစ်သောကြောင့် အများပြည်သူ သိရှိလိုက်နာနိုင်ရန်အလို့ငှာ အသိပညာပေးဆော်ဩခြင်းဖြစ်ပြီး အဆိုပါ အသိပေးနှိုးဆော်ချက်များတွင် နေအိမ်ပြင်ပသို့ မဖြစ်မနေထွက်ခွာပါက (Mask) နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ရန်၊ သက်ကြီးရွယ်အိုနှင့် နာတာရှည်ရောဂါဝေဒနာသည်များရှိရာ နေအိမ်များသို့ ဝင်ထွက်သွားလာခြင်းဂရုပြုရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်၊ လက်ကိုစက္ကန့် (၂၀) ကြာ မကြာခဏ စနစ်တကျဆေးကြောရန်၊ အလုံပိတ်အခန်းများနှင့် အဲယားကွန်းအသုံးများသောအခန်းများ လေဝင်လေထွက်မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ စားသောက်ဆိုင်များတွင် ဝိုင်းဖွဲ့စားသောက်ခြင်းများရှောင်ကြဉ်၍ ပါဆယ်စနစ်ဖြင့်သာရောင်းချ သွားကြရန်၊ မိမိနေအိမ်တွင်သာ ဝယ်ယူစားသောက်ခြင်းပြုကြရန်၊ နှာခေါင်းစည်း (Mask) မတပ်ဆင်ထားသော ဈေးရောင်းသူများထံမှ ဈေးမဝယ်ကြပါရန်နှင့် မိသားစုအတွင်းဖျားနာသူများရှိပါက အိမ်တွင်နေထိုင်စေပြီး ကိုဗစ်-၁၉ ရောဂါလက္ခဏာများဖြစ်ပေါ်လာပါက သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်မှူးမှတစ်ဆင့် ကျန်းမာရေးဌာနသို့ ဆက်သွယ်ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေး လုပ်ငန်းများကို ဆက်လက်လိုက်နာကြရန် အထက်ပါကြေညာချက်များကို အများပြည်သူမှ တစ်ဦးတစ်ယောက်ချင်းစီ လိုက်နာဆောင်ရွက်ခြင်းဖြင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးနည်းလမ်းများကို လိုက်နာကြရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းကို အများပြည်သူ သိရှိလိုက်နာနိုင်ရန် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရပါသည်။
ရူပါမြင့် (ခမောက်ကြီး)