မိုးနဲ မေ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ယခင် ၂၀၂၁ ခုနှစ်တွင် ပါဠိပထမ ပြန်စာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့ကြသည့် စာအောင်သံဃာတော်များကို မိုးနဲစာဖြေဌာန ဥယျာဉ်ကျောင်းတိုက်တွင် ယမန်နေ့နံနက် ၈ နာရီ အချိန်က စူဠဘွဲ့နှင်းသဘင် ချီးမြင့်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ နမောတဿ (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြပြီး အခမ်းအနားမှူး အဖြစ် မြို့နယ်သာသနာရေးဦးစီးမှူး ဦးပြည့်ဖြိုးကျော်မှ အခမ်းအနားအစီအစဉ်များ ဖတ်ကြားပေးခဲ့ပြီး ကြွရောက်လာကြသော ဧည့်ပရိတ်သတ်များမှ ဩကာသကန်တော့ချိုး ဖြင့်ကန်တော့၍ မြို့နယ် သံဃနာယကဥက္ကဋ္ဌဆရာတော်ထံမှ အင်္ဂါ ၅ ပါးနှင့် ပြည့်စုံသော ၅ ပါးသော သီလတော်မြတ်ကို ခံယူခဲ့ကြသည်။ ထို့နောက် လှူဖွယ်ဝတ္ထူများ ဆက်ကပ် လှူဒါန်းခဲ့ကြပြီး မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်နှင့် ပထမပြန်စာမေးပွဲဥက္ကဋ္ဌ ဆရာတော်တို့မှ ဩဝါဒကထာ မြွတ်ကြားပေးခဲ့ကြပြီးနောက် အောင်လက်မှတ်နှင့် စာအောင်ဆုများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များ၊ အမှတ် (၃၆၃)အမြှောက်တပ် တပ်နယ်မှူး ဗိုလ်မှုးတိုးဝင်းဖေ၊ ဂေါပကအဖွဲ့ဝင်များနှင့် စေတနာ့အလှူရှင်များမှ ဆက်ကပ်လှူဒါန်းပေးခဲ့ကြကာ လှူဒါန်းမှုအစုစုတို့အတွက် ဆွမ်းအနုမောဒနာနှင့် ရေစက်ချတရားနာယူခဲ့ပြီး သံဃာတော်များအား ပြန်လည်ကန်တော့၍ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုပိတ်သိမ်းခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် ကြီးကြပ် ကိုယ်တော်များ ပထမလတ်တန်း အောင်မြင်သည့် သံဃာ (၁) ပါး၊ ပထမငယ်တန်း အောင်မြင် သည့် သံဃာ (၄) ပါးနှင့် အခြေပြုမူလတန်းမှ အောင်မြင်သည့် သံဃာ (၂၅) ပါး စုစုပေါင်း စာအောင်သံဃာ (၃၀) ပါး ရှိကြောင်းသိရသည်။
ဇင်ကိုကို (ပြန်/ဆက်)