ဘားအံ မေ ၁၁
ကရင်ပြည်နယ် ဘားအံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံရန်အတွက် စုရပ် (၁၀)နေရာတွင် ယနေ့နံနက် ၉ နာရီမှ စတင်၍ ညနေ(၄)နာရီထိ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးရာတွင် စုရပ်နေရာများဖြစ်သည့် မြို့ပေါ်တွင် အမှတ်(၆)ရပ်ကွက် ဒေသန္တရဆေးပေးခန်း၊ အမှတ်(၉)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ကော့ရင်းအောက်(ကမား)ကျေးရွာ၊ လှာကာကျေးရွာ၊ ဝင်းကျန်ကျေးရွာ၊ တောင်သူကုန်းကျေးရွာ၊ ဇာသပြင်ကျေးရွာ၊ လှိုင်ကမ္ဘာကျေးရွာ၊ ဘားကပ်ကျေးရွာနှင့် ကျောက်တလုံးကျေးရွာများတို့တွင် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၁၅)နှစ်နှင့် (၁၈)နှစ် ကြားပြည်သူများ၊ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများကို ပထမ အကြိမ်ထိုးနှံပေးခြင်း၊ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသည့် (၁၈)နှစ်အထက် ပြည်သူများအား ဒုတိယအကြိမ်ထိုးနှံပေးခြင်း၊ ကာကွယ်ဆေး(၂)ကြိမ်ထိုးနှံပြီးသည့် (၆) လပြည့် အသက်(၄၀)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ဆေးများကို စုရပ်များအလိုက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ Volunteer များက ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် ရောဂါအခံရှိ/မရှိမေးမြန်းခြင်း၊ သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ် (၃၀)ခန့် အနားယူစေခြင်းများအား စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)