ပေါင်းတည် စက်တင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် သြဂုတ်လကုန်ပိုင်းနှင့် စက်တင်ဘာလဆန်းရက် များတွင် မိုးရွာသွန်းမှု ဆက်တိုက်လိုလိုဖြစ်ပေါ်ခဲ့သဖြင့် ရေဝပ်မှုများရှိနေခြင်းနှင့် မြေသားပွလာမှုများ ကြောင့် ယမန်နေ့ ည ၁၀ နာရီအချိန်ခန့်က ပေါင်းတည် မြို့ အုပ်ဖို(၂)ရပ်ကွက် ၃၇ လမ်း အနောက်ပိုင်း အတွင်းလမ်းထဲရှိ မန်းကျည်းပင်မှာ မြေပျော့မှုကြောင့် အမြစ်ပွကာ လူနေအိမ်နှစ်လုံးပေါ်သို့ ပိကာ ပြိုလဲမှုဖြစ်ပွားခဲ့သည်။
အဆိုပါ မန်းကျည်းပင်ပြိုလဲကြမှုကြောင့် ဒေါ်အေးသန်း၏ (၃)ပင်သွပ်မိုးထရံကာ ဝါးခင်းနေအိမ် ခန့်မှန်း တန်ဖိုး(၂) သိန်းကျပ်နှင့် ဦးအောင်သူမင်း၏ (၃)ပင်သွပ်မိုးထရံကာ ဝါးခင်းနေအိမ် ခန့်မှန်း ၁ သိန်း ၅ သောင်းကျပ် တန်ဖိုးရှိ နေအိမ်နှစ်လုံးမှာ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည်။ နေအိမ်ပြိုလဲမှုကြောင့် အိမ်ထောင်စု(၄)စု ကျား ၈ ဦး မ ၁၁ ဦး စုစုပေါင်း ၁၉ ဦးတို့မှာ နီးစပ်ရာ ဆွေမျိုးသားချင်း နေအိမ်များ တွင် နေထိုင်ကြပြီး လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိ ကြောင်း သိရသည်။
ပြိုလဲသွားသည့် မန်းကျည်းပင်အား ယနေ့ နံနက်ပိုင်းတွင် မြို့နယ်မီးသတ်ဦးစီးမှူး စည်သူဝင်းနှင့် တပ်ဖွဲ့ဝင်များက လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်ပေးနိုင်ရန်နှင့် ခုတ်ထွင်ရှင်းလင်းရေး အတွက် လူမှုရေးအသင်းအဖွဲ့ များနှင့်အတူ သွားရောက်ခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှထွေးနှင့် အဖွဲ့ဝင်များ အနီးပတ်ဝန်းကျင်ရှိ ပြည်သူ များ၏ ပူးပေါင်းကူညီဆောင်ရွက်မှုဖြင့် အဆိုပါ နေအိမ် ၂ လုံး ပေါ်သို့ ပိနေသည့် သစ်ပင်အား ခုတ်ထွင်ရှင်းလင်း ပေးခဲ့ကြောင်း သိရသည်။
တင်ဝင်းဇော်(မင်းသားကြီး)