သီပေါ မေ ၁၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး၊ သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ဦးဆောင်ဦးရွက်မှုနှင့် သီပေါမြို့ မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တပညာသီရီ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင် စသည့်မြို့ကြီးများမှ မျက်စိအထူးကုဆရာဝန်ကြီးများက အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ် ကုသပေးခဲ့ရာ (၄၇)ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
မျက်စိစမ်းသပ်ခွဲစိတ်ကုသမှုအား (၄၈)ကြိမ်မြောက်အဖြစ် ၂၀၂၂ခုနှစ်၊မေလ ၂၄ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ဆရာဝန်များနှင့်လူနာများ စိတ်အေးချမ်းသာစွာ ကုသဆောင်ရွက်နိုင်ရေးအတွက် ဆေးရုံတော်ကြီးအတွင်း၊ အပြင်နှင့်ခွဲစိတ်ကုသခန်းများအား စုပေါင်းသန့်ရှင်းရေးကို ယနေ့ နံနက်ပိုင်းက စေတနာရှင်များမှ လုပ်အားဒါနကုသိုလ်ယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာလစတင်သည့် အချိန်မှစတင်၍ စမ်းသပ်ခွဲစိတ်ကုသပေးမှုများအား ယာယီရပ်ဆိုင်းခဲ့ပြီး ၂၀၂၂ခုနှစ်၊ မေလ ၂၄ ရက်နေ့မှစတင်၍ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မေလ ၂၄ ရက်နေ့တွင် စတင်စစ်ဆေးပေးပြီး မေလ ၂၅၊ ၂၆၊ ၂၇ နှင့်၂၈ ရက်နေ့တို့တွင် ခွဲစိတ်ကုသဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မျက်စိဝေဒနာရှင်များအနေဖြင့် မေလ၂၄ ရက်နေ့တွင် ကြိုတင်စာရင်းပေးသွင်း လာရောက်စမ်းသပ်ကုသနိုင်ကြောင်း မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင် ဆရာတော်ထံမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)