ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကွမ်ဘီကျေးရွာတွင် (၄၂)ကြိမ်မြောက် ကရင်စာပေနှင့် ယဉ်ကျေးမှုသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

လှိုင်းဘွဲ မေ ၁၁

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကွမ်ဘီကျေးရွာတွင် (၄၂)ကြိမ်မြောက် ကရင်စာပေနှင့်ယဉ်ကျေးမှု သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီအချိန်တွင် ကွမ်ဘီဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားကို ကွမ်ဘီကျေးရွာရှိ ရပ်မိရပ်ဖများ၊ ဘုန်းတော်ကြီးများနှင့် ရွာ သူရွာသားများမှ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါသင်တန်းဆင်းပွဲတွင် ကွမ်ဘီကျောင်းတိုက်ဆရာတော် အရှင်ဝရသာမိနှင့် ကွမ်ဘီကျေးရွာ ရပ်မိရပ်ဖများမှ အဖွင့်အမှာစကားပြောကြားခဲ့ကြပြီး ဆုရရှိသော သင်တန်းသူ/သားများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။ အဆိုပါသင်တန်းတွင် အခြေခံကရင်စာပေ သူငယ်တန်းအဆင့်တွင် (၁၅၃)ဦး၊ ပထမတန်းအဆင့်တွင် (၄၀)ဦး၊ ဒုတိယတန်းအဆင့်တွင် (၆)ဦးနှင့် တတိယတန်းအဆင့်တွင်(၇)ဦး စုစုပေါင်းသင်တန်းသား/သူ (၂၀၆)ဦး တက်ရောက်သင်ကြားခဲ့ကြသည်။

ထို့နောက် ကရင်ရိုးရာဒုံးယိမ်းအကများဖြင့်ကပြဖျော်ဖြေခဲ့ကြပြီး ကွမ်ဘီကျောင်းဆရာတော် အရှင်ဝရသာမိမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားအစီအစဉ်အား ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။

စောဖိုးခွါး(ပြန်/ဆက်)