စဉ့်ကူး မေ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ ၌ ယနေ့နံနက် ၉ နာရီအချိန်က စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စဉ့်ကူးမြို့နယ် ဒုတိယဦးစီးမှူး ဒေါ်တင်တင်နုက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးတို့ကကလေးတို့အတွက် မြန်မာစကားပုံများစာအုပ်မှ “ကျွဲပါးစောင်းတီး”၊ “နွားကွဲကျားကိုက်”၊ “သဲထဲရေသွန်”၊ “ဆင်ကျီစားရာ ဆိတ်မခံသာ”၊ “ဆင်ကန်းတောတိုး” စသည့် စကားပုံများကို ဖတ်ကြားဆွေးနွေး ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စဉ့်ကူးမြို့နယ် ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူလေးများအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထိုသို့ စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပပြုလုပ်ပေးခြင်းဖြင့် ကလေးများစာကြည့်တိုက်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်လာစေခြင်း၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်လာနိုင်ခြင်း၊ စာပေဖတ်ရှုမှတ်သားတတ်သည့် အလေ့အကျင့်ကောင်းများရရှိလာနိုင်ခြင်း၊ လူအများနှင့် ပြောဆိုဆွေးနွေးတတ်စေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
တင်ဇာလွင်(ပြန်/ဆက်)