လှည်းကူး မေ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပဉ္စမတန်း သင်ရိုးသစ်ကို သင်ကြားနိုင်ရန်နှင့် မူလတန်းကို ခြုံငုံပြီး အလယ်တန်းကို လေ့လာချိတ်ဆက်နိုင်စေရန်အတွက် GRADE-5 သင်ရိုးသစ် ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက် (၉)နာရီက လှည်းကူးမြို့နယ် အခြေခံပညာ အထက်တန်း ကျောင်းတွင် လမ်းညွှန်ချက်များနှင့်အညီ ဆင့်ပွားသင်တန်းကို ဖွင့်လှစ်သင်ကြား ပို့ချပေးလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ် ပညာရေးမှူး ဒေါ်သိန်းရွှေက ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက် ကလေးများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ မြင့်မားရေးကို ဦးတည်ပြီး (Grade-5) သင်ရိုးသစ်ကို ဆင့်ပွားသင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ကလေးများအတွက် အရည်အသွေး အာမခံမှုရှိသော ပညာရေးစနစ်ကို အကောင်အထည်ဖော်ရာတွင် ယခု (Grade-5) သင်ရိုးသစ် ဆင့်ပွားသင်တန်းကို တက်ရောက်ကြသည့် ဆရာ၊ဆရာမများအနေဖြင့် သင်ရိုးညွှန်းတမ်းကို ပိုင်နိုင်စေရန် သင်တန်းကာလအတွင်း ကြိုးစားဆည်းပူး လေ့လာ ဆောင်ရွက်ကြရန် ပြောကြားသည်။
အဆိုပါ သင်တန်းတွင် နည်းပြသင်တန်းသား (၁၂၁) ဦး၊ သင်တန်းသူ (၆၉၄)ဦး၊ စုစုပေါင်း (၈၁၅)ဦး တက်ရောက်သင်ကြားပြီး သင်တန်းကာလမှာ ၁၀.၅.၂၀၂၂ မှ ၁၃.၅.၂၀၂၂ ရက်နေ့အထိ (၄) ရက်တာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းတွင် သင်တန်းသား/သင်တန်းသူများအား GRADE-5 သင်ရိုးသစ်လက်စွဲစာအုပ်မှ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့် ပြည်သူ့နီတိ ဘာသာရပ်များအား သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အေးအေးနွဲ့