ကော့ကရိတ်မြို့အတွင်းရှိ အသက် (၁၅)နှစ်နှင့်အထက် ရဟန်း၊ ရှင်သာမဏေနှင့် သီလရှင်များအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံ

ကော့ကရိတ်  ​မေ ၁၁

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ အသက်(၁၅)နှစ်နှင့်အထက် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Astra Zeneca)ကို  ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများက အမှတ် (၆)ရပ်ကွက် မြို့မဘုန်း​တော်ကြီး​​ကျောင်း၌ အသက် (၁၅)နှစ်အထက် ရဟန်း၊ ရှင်သာမဏေနှင့် သီလရှင်များအား သွားရောက်ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းထိုးနှံပေးရာတွင် မြို့မဘုန်းတော်ကြီးကျောင်းရှိ ရဟန်း၊ ရှင်သာမဏေများ၊ မြို့နယ်အတွင်းရှိ စာသင်တိုက်များမှ ရဟန်း၊ ရှင်သာမဏေများသီလရှင်တို့အား သက်ဆိုင်ရာ တာဝန်ရှိသူများက စာရင်းရေးသွင်းပေးခြင်း၊ ကိုယ်အပူချိန်တိုင်တာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဦးစွာဆောင်ရွက်ပေးကြပြီး ပုံမှန်အခြေအနေရှိသော အသက်(၁၅)နှစ်အထက် ရဟန်း၊ ရှင်သာမဏေနှင့်သီလရှင်များအား ကျန်းမာရေးဝန်ထမ်းများကကိုဗစ်၁၉ရောဂါကာကွယ်ဆေး(AstraZeneca)ကိုကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)