“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၌ Grade-5 သင်ရိုးသစ်(Face to Face) ဆင့်ပွားသင်တန်း ဖွင့်လှစ်

ဟိုပန်  မေ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နစ်၊ အခြေခံပညာမူလတန်းအဆင့်  Grade-5 သင်ရိုးသစ် (Face to Face) ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(ဟိုပန်)ကျောင်းရှိ စောမဟာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟိုပန်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်က အဖွင့်အမှာစကား ပြောကြားရာတွင်  ခေတ်စနစ်နှင့်အညီ ပြောင်းလဲလာသောပညာရေးစနစ်ကို ဆရာ/ဆရာမများ အနေဖြင့် မျက်ခြေမပျက် သင်ယူ​လေ့လာစေရန် လိုအပ်ကြောင်းနှင့် သင်တန်းတွင်ပို့ချပေးမည့် အသစ်အဆန်း ဆွေးနွေးချက်အကြောင်းအရာများကို စိတ်ဝင်တစား ကြိုးစားလေ့လာမှတ်သား၍ သင်ရိုးညွှန်းတမ်းအသစ်များကိုပိုင်နိုင်စေပြီး အရည်အသွေး အရည်အချင်း ပြည့်ဝသည့် ကျောင်းသား/သူများ ပေါ်ထွန်းလာစေရန် နာသုံးနာအရင်းခံ၍ သင်ကြားပေးသွား ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ဟိုပန်မြို့နယ် ပညာရေးမှူးဦးဝင်းလှိုင်က ပညာရေးစနစ်တိုးတက်ပြောင်းလဲလာမှု ဆောင်ရွက်ချက်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်းတန်းတွင် ဟိုပန်မြို့နယ်မှ (၁၂၀)ဦး၊ မိုင်းမောမြို့နယ်မှ(၃၄)ဦး၊ ပန်ဝိုင်မြို့နယ်မှ(၃)ဦး စုစုပေါင်း အခြေခံပညာမူလတန်းအဆင့် ဆရာ/ဆရာမ (၁၅၇)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မေလ(၁၀)ရက်နေ့   မှ (၁၃)ရက်နေ့အထိဖြစ်ကာ ၎င်းသင်တန်းကို Grade-5 ဗဟိုအဆင့်နည်းပြသင်တန်းတွင် တက်ရောက်ခဲ့သည့် ဆရာ/ဆရာမ (၈)ဦးက ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း ဟိုပန်မြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဇင်ဇင်(ပြန်/ဆက်)