သာယာဝတီ မေ ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် Grade -5 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(သုံးဆယ်)၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်လှလှဝင်းက အခြေခံပညာမူလတန်းအဆင့် Grade -5 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို အခြေခံပညာရုံးချုပ်မှပို့ချသောသင်တန်းကို တက်ရောက်ခဲ့သော မြို့နယ်အဆင့်နည်းပြ (၅၀)ဦးက ဦးဆောင်ပြီး ပို့ချပေးသွားမည် ဖြစ်ကြောင်း၊ သင်တန်းကာလမှ(၄)ရက်ဖြစ်ပြီး အချိန်ကာလမှာ တိုတောင်းသော်လည်း သင်ကြားပို့ချမှုများကို ဆရာ၊ ဆရာမများအနေဖြင့် သင်ယူမှုရလဒ်များ၊ သင်ရိုးဝင်အကြောင်းအရာများ၊ သင်ယူမှုနည်းလမ်းများနှင့် စစ်ဆေးနည်းများကို ပြည့်စုံစွာ လေ့လာသင်ယူပြီး ကျောင်းသား၊ ကျောင်းသူများအား ပြန်လည်သင်ကြားစေလိုကြောင်း ပြောကြားခဲ့သည်။
ယနေ့ဖွင့်လှစ်သည့် အခြေခံပညာမူလတန်းအဆင့် Grade -5 သင်ရိုးသစ် သင်တန်းကို မေ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ လေးရက်ကြာဖွင့်လှစ်၍ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ သိပ္ပံဘာသာရပ်များနှင့် စာရိတ္တနှင့် ပြည်သူ့နီတိ၊ ကာယဘာသာရပ်များကို သင်ကြားပို့ချ သွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမ စုစုပေါင်း (၇၉၈) ဦး တက်ရောက်သင်ကြားသင်ယူကြမည်ဖြစ်ကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)