ကွတ်ခိုင်မြို့၊ မုန်းဝန်းဗမာယဉ်ကျေးမှုအဖွဲ့မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အထောက်အကူပြု ဆက်စပ်ပစ္စည်းများ ထောက်ပံ့လှူဒါန်း

ကွတ်ခိုင် စက်တင်ဘာ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကွတ်ခိုင်မြို့အတွင်း COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အထောက် အကူပြု ဆက်စပ်ပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းက ကွတ်ခိုင်မြို့အဝင် ဂေါက်ကွင်း အနီးရှိ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးစခန်း၌ ကွတ်ခိုင်မြို့နယ် မုန်းဝန်းဗမာယဉ်ကျေးမှု အလုပ်အမှု‌ဆောင်အဖွဲ့မှ လာရောက် ထောက်ပံ လှူဒါန်းသည်။

ထောက်ပံ့လှူဒါန်းမှုတွင် နှာခေါင်းစည်း (Mask)၂၀၀၀-ခု၊ လက်သန့်ဆေးရည်(Hand Gel) ပုလင်းအကြီး ၁၀၀-ပုလင်း၊ ဆေးရုံသုံးလက်အိတ် ၁၀၀-စုံ၊ မျက်နှာကာ-face shield၂၀-ခု၊ အဖျားတိုင်းကိရိယာ၆-ခု၊ လက်ဆေး ရေစင်၁-စုံ၊ ပလပ်စတစ်ထိုင်ခုံ ၁၀-လုံးနှင့် သောက်ရေသန့် ၃၀-ဖာ စုစုပေါင်း‌ငွေကျပ် (၁၂၈၀၀၀၀)တန်ဖိုးရှိပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည် ပေးအပ် ချီးမြှင့်သည်။

အဆိုပါ ထောက်ပံ့လှူဒါန်းမှုကို ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင် (မုန်းဝန်းဗမာ ယဉ်ကျေးမှုအဖွဲ့ချုပ် ဥက္ကဋ္ဌ)၏ လမ်းညွန်ချက်ဖြင့်လည်းကောင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း COVID-19ရောဂါကူးစက်မှုမရှိစေရန် ရည်ရွယ်၍လည်းကောင်း လာရောက်ထောက်ပံ့လှူဒါန်းရခြင်းဖြစ်‌ကြောင်း ကွတ်ခိုင်မြို့နယ်၊ မုန်းဝန်းဗမာ ယဉ်ကျေးမှုအဖွဲ့ ဒုတိယဥကဋ္ဌ ဦးအောင်မြင့်က ပြောသည်။

“အဓိကက‌တော့ အထက်လူကြီး‌တွေရဲ့ လမ်းညွန်ချက်အရ ကွတ်ခိုင်မြို့နယ်အတွင်း ဒေသခံတိုင်းရင်းသား ပြည်သူတွေနဲ့အတူ လက်ရှိ မြန်မာနိုင်ငံမှာ ကူးစက်ပြန့်ပွားနေတဲ့ COVID-19ရောဂါကို အတူတကွ ပူးပေါင်း ကာကွယ် တိုက်ထုတ်သွားဖို့ ရည်ရွယ်ပြီး လာရောက် လှူဒါန်းတာဖြစ်ပါတယ်"ဟု ဦးအောင်မြင့်က ပြောသည်။

ကွတ်ခိုင်မြို့အတွင်း COVID-19ရောဂါကြိုတင်ကာကွယ်‌ရေးလုပ်ငန်းများကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်လူမှုရေးပရဟိတအသင်းအဖွဲ့များက ပူးပေါင်း၍ လူစည်ကားသည့်နေရာများ၊ မြို့အဝင်/အထွက်နေရာတို့၌ ကျန်းမာရေးစစ်ဆေးမှုများ၊ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြင့် ပြုလုပ်ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

 

ကိုမိုင်း(ပြန်/ဆက်)