လေးမျက်နှာမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲအောင်မြင်တော်မူကြသော သံဃာတော်များအား စာအောင် ဆုချီးမြှင့်သည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

လေးမျက်နှာ မေ  ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ၂ဝ၂၁ ခုနှစ် ပါဠိပထမပြန် စာမေးပွဲ၌ အောင်မြင်တော်မူကြသော စာအောင်သံဃာတော်များအား စာအောင်ဆုချီးမြှင့်သည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျက်သရေဆောင် သံသရာငြိမ်းအေးစတုမုခဇေယျသိဒ္ဓိ စေတီတော်မြတ်ကြီးဝန်းအတွင်းရှိ ဓမ္မဗိမာန်တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ် သံဃနာယက အဖွဲ့ဥက္ကဋ္ဌဆရာတော်က သြဝါဒရေစက်ချတရားချီးမြှင့်သည်။ ထို့နောက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲရင့်နောင်မှ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး အခမ်းအနားမှူးက စာအောင်သံဃာများအား လှူဒါန်းသည့် အလှူရှင်များစာရင်းကို ဖတ်ကြားလျှောက်ထားသည်။

ဆက်လက်၍ ၂၀၂၁ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ပထမကြီးတန်း အောင်မြင်သူ စာအောင်သံဃာ (၁) ပါး၊ ပထမအလတ်တန်း အောင်မြင်သည့် သံဃာ(၁) ပါး၊ အငယ်တန်းအောင်မြင်သည့် စာအောင်သံဃာ (၃) ပါး၊ အခြေပြုမူလတန်း အောက်မြင်သည့် စာအောင် သံဃာ(၁၅)ပါး၊ မူ က/ခ အောင်မြင်သည့် စာအောင် သံဃာ(၂၃)ပါးတို့အား မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲရင့်နောင်၊ အတွင်းရေးမှူးရဲမှူးအောင်ဆွေသိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အလှူရှင်များမှ စာအောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်ကြပြီးအခမ်းအနားကို ဗုဒ္ဓသာသာနံစိရံတိဌတု (၃) ကြိမ် ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ ၂၀၂၁ ခုနှစ်တွင် အစိုးရပါဠိ ပထမပြန် စာမေးပွဲဖြေဆိုအောင်မြင်သည့် စာအောင်သံဃာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူး ရဲရင့်နောင်၊ အတွင်းရေးမှူးရဲမှူးအောင်ဆွေသိန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)