ကျောင်းကုန်းမြို့တွင် Grade 5 သင်ရိုးသစ်မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်

ကျောင်းကုန်း မေ ၁၀

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၌ Grade 5 သင်ရိုးသစ်မြို့နယ်အဆင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပုသိမ်ခရိုင်ပညာရေးမှူးကိုယ်စား ခရိုင်ဦးစီးအရာရှိ ဦးကျော်ဇင်ဌေးက သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်မြင့်က စနစ်သစ်သင်တန်းဖြစ်တဲ့အတွက် ကြိုးစားလေ့လာသင်ယူကြဖို့လိုကြောင်း၊ ပညာရေးဟာ ခေတ်စနစ်နဲ့အညီ ပြုပြင်ပြောင်းလဲနေတာဖြစ်တဲ့အတွက် လိုက်လျောညီထွေဖြစ်အောင် လိုက်လံမှတ်သား ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းနည်းပြချုပ် ဦးဖိလစ်ကသင်တန်းတွင် သင်ကြားပို့ချမည့် ဘာသာရပ်များအကြောင်းနှင့် သင်တန်းစည်းကမ်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ(၁၀၈)ဦး၊ ဆရာမ(၂၉၅)ဦး၊ ပေါင်း(၄၀၃)ဦး၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ(၆၀)ဦး၊ ဆရာမ(၁၈၅)ဦး၊ ပေါင်း(၂၄၅)ဦးနှင့် ဒေါင့်ကြီးအခြေခံပညာ အထက်တန်းကျောင်းတွင် ဆရာ(၉၅)ဦး၊ ဆရာမ(၁၂၃)ဦး၊ ပေါင်း(၂၁၈)ဦး တို့ဖြစ်ပြီး၊ တစ်မြို့နယ်လုံးတွင်ဆရာ(၂၆၃)ဦးနှင့် ဆရာမ(၆၀၃)ဦး၊ စုစုပေါင်း(၈၆၆)ဦးတို့က အသီးသီးတက်ရောက်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)