နောင်တရား မေ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အနီးပတ်ဝန်းကျင်၌ ဂေါ်ဖီထုပ်စိုက်ပျိုးမှု အောင်မြင်ထွန်းလျက်ရှိသည်။ “ဒီနှစ်ဂေါ်ဖီထုပ် စိုက်ပျိုးရေးစရိတ်က ယခင်နှစ်ကထက်နည်းနည်းများတယ် နွေရာသီမှာ ရေသွင်းစိုက်ပျိုးတော့ ဆီဈေးနဲ့ မြေဩဇာဈေးကများတော့ စိုက်ပျိုးရေးစရိတ်များသွားတယ်၊ ယခု ဂေါ်ဖီထုပ်တစ်ထုပ်ကို (၁၀၀)ကျပ်နဲ့ ဈေးပေါက်နေတယ် ဒီဈေးနဲ့ဆိုရင်တော့ အရှုံးပေါ်တယ်၊ ကုန်စိမ်းသီးနှံက တစ်ပတ်နဲ့တစ်ပတ်မတူတော့ ဈေးကောင်းဖို့ဘဲ မျှော်လင့် ရမယ်၊ ဂေါ်ဖီထုပ်တော့ အပင်ကောင်းနေပြီ ဈေးကောင်းဖို့ဘဲလိုတော့တယ်” ဟု နောင်ယဉ်ကျေး ရွာမှ ဂေါ်ဖီထုပ်စိုက်ပျိုးသည့် တောင်သူတစ်ဦးကပြောသည်။
ဂေါ်ဖီထုပ် ဈေးကောင်း/မကောင်းမှာ ရာသီဥတုနှင့် နယ်စပ်ထွက်ပေါက်ဖွင့်/မဖွင့် သက်ဆိုင်ကြောင်း အဆိုပါတောင်သူက ပြောကြားသည်။ နောင်တရားဒေသအတွင်း စိုက်ပျိုးရေးသီးနှံများကို အောင်ပန်းကုန်စည်ဒိုင်နှင့် ရန်ကုန်မြို့ သီရီမင်္ဂလာဈေးသို့ တင်ပို့ရောင်းချကြပြီး အချို့မှာ မြဝတီသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)