တောင်တွင်းကြီးမြို့၌ Grade-5 (သင်ရိုးသစ်) Face to face မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲ ကျင်းပ

တောင်တွင်းကြီး  မေ ၁၀

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်၊ Grade-5 (သင်ရိုးသစ်)Face to face မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက တောင်တွင်းကြီးမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပေလေးပင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

​ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်ခိုင်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှူးက စာသင်ကျောင်းများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအ‌ကြောင်း ရှင်းလင်း‌ပြောကြားကာ မြို့နယ်ပညာရေးမှူး ဒေါ်လှလှဝင်းက တိုးတက်ပြောင်းလဲလာသော ပညာရေးစနစ်နှင့်အညီ အခြေခံပညာ မူလတန်းပညာရပ်သည် အဓိကကျပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် Grade-5 (သင်ရိုးသစ်) သင်ရိုးညွှန်းတမ်းများကို နည်းစနစ်တကျ သင်ကြား၊ သင်ယူကြရန် လိုအပ်ပါကြောင်းနှင့် သင်တန်း နည်းပြများ၊ သင်တန်းသား ဆရာ၊ ဆရာမတို့အား သင်တန်း၏ စည်းမျဉ်း၊ စည်းကမ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့သည်။

အဆိုပါ သင်တန်းကို တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများမှ ဆရာ၊ ဆရာမ(၁၀၆၄)ဦးအား သင်တန်းနည်းပြ ဆရာ၊ ဆရာမ (၆၄)ဦးတို့က Grade-5 (သင်ရိုးသစ်) သင်ရိုးညွှန်းတမ်းအတိုင်း (၄)ရက်ကြာ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ဝင်း(ပြန်/ဆက်)