ကျိုက်လတ် မေ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီ အေရိုးဗစ်အားကစား သင်တန်းကို လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့ နံနက် (၁၀)နာရီခန့်က ဖွင့်လှစ်ခဲ့သည်။
အဆိုပါသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က ကျောင်းသား/ကျောင်းသူ၊ လူငယ်လူရွယ်များ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ထူးချွန်ထက်မြက်၍ အရည်အသွေးပြည့်ဝသော အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အေရိုးဗစ်သင်တန်းကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒေါ်အေးအေးသိန်းနှင့် ဒေါ်နှင်းနှင်းဝေတို့က သင်တန်းသူ (၁၀)ဦးအား သင်ကြားပေးလျက်ရှိပြီး မေလ ၁၀ ရက်နေ့ မှ ၁၆ ရက်နေ့အထိ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
ဒေါ်ရီရီမြင့်-ကျိုက်လတ်(ပြန်/ဆက်)