ပခုက္ကူခရိုင်အဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပခုက္ကူ  မေ ၁၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉နာရီခွဲ အချိန်က ပခုက္ကူမြို့၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမတွင် ကျင်းပသည်။

အစည်းအဝေးတွင် ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးဦးက ဌာနဆိုင်ရာများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ဒေသန္တရစီမံကန်း ရည်မှန်းချက် လုပ်ငန်းတာဝန်များ ပြည့်မီအောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်၊ ရုံးလုံခြုံရေးနှင့် ဝန်ထမ်းလုံခြုံရေး အလေးထား ဆောင်ရွက်ကြရန်၊ ခရိုင်အဆင့် ရာသီအလိုက် စိုက်ပျိုးသီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ဝိုင်းဝန်း ဆောင်ရွက်ကြရန်၊ အဆင့်မြင့်တက္ကသိုလ်ကျောင်းများနှင့် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးတို့ကို ရှင်းလင်း အမှာစကား ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့် ပခုက္ကူခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လက်ရှိ ရုံးလုပ်ငန်း အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နေသည့်အခြေအနေများ၊ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရန် လိုအပ်သည့် လုပ်ငန်းများနှင့် လုံခြုံရေးအနေတို့ကို အသီးသီး ရှင်းလင်းတင်ပြကြပြီး ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁)၊ ဒုတိယဗိုလ်မှူးကြီး မျိုးဝင်းလှိုင် က ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းမျဉ်းများအတိုင်း တိကျစွာ လိုက်နာနေထိုင်ကြရန်၊ ခရိုင်နှင့်မြို့နယ်အတွင်း လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် ရှင်းလင်းမှာကြားသည်။

ဆက်လက်၍ ပခုက္ကူခရိုင် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ဌာနဆိုင်ရာ ရုံးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရန်၊ လိုအပ်ပါက အကူအညီ တောင်းခံကြရန်၊ ခရိုင်အတွင်း လုံခြုံရေးလုပ်ငန်းများနှင့် ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ် အကြောင်းကြားကြရန် ရှင်းလင်း ပြောကြားသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)