မိုင်းဆတ် မေ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၃)နှင့် ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို မေလ(၉)ရက်နေ့နံနက်(၉)နာရီက ဘက်စုံသုံးခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က လူကုန်ကူးခံရမှု မဖြစ်ပေါ်စေရေးအတွက် ကာကွယ်ရမည့် အကြောင်းအရာများကို မေးမြန်းဆွေးနွေးရာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၃)မိုင်းဆတ်မှ တပ်ဖွဲ့စိတ်မှူး ဒုတိယရဲမှူးလှဘုန်းက လူကုန်ကူးမှုနှင့်ပတ်သက်သည့်၍ လူကုန်ကူးမှုဖြစ်စဉ်များ၊ လူကုန်ကူးမှုပုံစံများ၊ လူကုန်ကူးသူပွဲစားများ စည်းရုံးလေ့ရှိသည့် အလေ့အထများ၊ လူကုန်ကူးမှုပြစ်မှု၊ ပြစ်ဒဏ်များ၊ ရွှေ့ပြောင်းသွားလာရာမှ လူကုန်ကူးမှုဖြစ်ပေါ်တတ်သည့် အလေ့ အထများကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအသိပညာပေး လက်ကမ်းစာစောင်များကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၃)မိုင်းဆတ်မှ တပ်ဖွဲ့စိတ်မှူး ဒုတိယရဲမှူးလှဘုန်းက ပေးအပ်ရာ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က လက်ခံရယူခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)