ပုသိမ် စက်တင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့် အမည်စာရင်းတွင်ပါရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသည့် ပြည်သူများအား ပုသိမ်မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက် လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက အမှတ် ၇ နယ်မြေ၊ ရာမည ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြား ၅၀၀ ကျော် ပေးအပ်ခဲ့ပါသည်။
နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ရာတွင် ပုသိမ်မြို့နယ်အတွင်းရှိ ချောင်းဝကျေးရွာ၊ ထန်းကန့်လန့် ကျေးရွာ၊ ကြောင်ပန်းကုန်း ကျေးရွာ၊ ကျောက်ချောင်းကြီး၊ ကြက်ပေါင်၊ မိုးကုတ်၊ ပျဉ်းကတိုးကုန်း၊ ဘုရားချောင်း၊ ရွှေမြှင်တင်၊ ကြက်တူရွေးနှင့် မြို့ပေါ်ရပ်ကွက်များမှ နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသူ ၅၁၂ ဦးအတွက် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများထံသို့ ဧရာဝတီတိုင်း ဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းခိုင်၊ ခရိုင်နှင့် မြို့နယ် ဦးစီးမှူးများက ပေးအပ်ခဲ့ကြသည်။
နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲသို့ သက်ဆိုင်ရာ ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူး များနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်းနှင့် မြို့နယ် လဝက အနေဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား မရရှိသေးသည့်သူ များကို ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
မြင့်ဟန်၊ပုသိမ်ခရိုင်(ပြန်ဆက်)