တောင်ငူ၌ ပဥ္စမတန်း Grade -5 (သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်

တောင်ငူ မေ ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပဉ္စမတန်းသင်ရိုးသစ်ကို သင်ကြားနိုင်ရန်နှင့် မူလတန်းကိုခြုံငုံ၍ အလယ်တန်းကို လေ့လာချိတ်ဆက်နိုင်စေရန် GRADE-5  သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၄) အ​ခြေခံပညာအထက်တန်းကျောင်း မင်္ဂလာသိင်္ဂီဆောင်၌ ကျင်းပသည်။

ရှေးဦးစွာဖွင့်ပွဲ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလွင်စိုးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးသန်း​ဆွေဦးက သင်တန်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ အခြေခံပညာဦးစီးဌာန ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန (နေပြည်တော်)မှ အွန်လိုင်းစနစ်ဖြင့် သင်ယူခဲ့သည့် နည်းပြ ၄၆ ဦးမှ ဆင့်ပွားပို့ချခြင်းဖြစ်ရာ သင်တန်းသို့ တောင်ငူမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမ ၇၅၁ ဦး တက်ရောက် သင်ကြားသည်။

သင်တန်း၌ တက်ရောက်သင်ကြားသူများအား GRADE-5 သင်ရိုးသစ်လက်စွဲစာအုပ်မှ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့် ပြည်သူ့နီတိ ၊ ကာယပညာရပ်တို့ကို သက်ဆိုင်ရာ ဘာသာရပ်များအလိုက် သင်ကြားပို့ချပေးလျက်ရှိပြီး သင်တန်းကို မေလ ၁၀ ရက်မှ ၁၃ ရက်နေ့အထိ လေးရက်ကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

တောင်ငူ