ပန်းတောင်း မေ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးရန်ကျန်သူများအား ဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းက ဆေးထိုးစုရပ် (၄) နေရာ ဆက်လက်ထိုးနှံပေးခဲ့ရာ ဒေသခံပြည်သူများ ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြောင်း ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးရန်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးထိုးစုရပ် (၄) နေရာဖြစ်သည့် ရေကျော်အုပ်စု (ဓမ္မာရုံ) တောင်ဘို့ကြီးအုပ်စု (အ.လ.က.ခွဲ)၊ ဖရုံကားအုပ်စု (ဓမ္မာရုံ)၊ ရတနာပုံရပ်ကွက် (အဘယရာမကျောင်းတိုက်) တို့တွင် သတ်မှတ်စည်းကမ်းချက်များ နှင့်အညီ ကျန်းမာရေးဝန်ထမ်း များက စနစ်တကျ ထိုးနှံဆောင်ရွက်ပေးနေကြောင်းသိရကာ ကာကွယ်ဆေးလာရောက်ထိုးနှံသူများ စိတ်အေးချမ်းစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း (Volunteer) အဖွဲ့ဝင်များက လိုအပ်သည်များ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် ယနေ့ ဆေးထိုးစုရပ် (၄) နေရာတို့၌ ပန်းတောင်းမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ အန္တရာယ်ကင်းဝေးစေရန်နှင့် ကူးစက်ပျံ့ပွားမှု လျော့နည်း ပပျောက်စေရေးအတွက် ကာကွယ်ဆေး မထိုးနှံရသေးသူများအား ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး စနစ်တကျထိုးနှံပေးလျက်ရှိပြီး သက်ဆိုင်ရာဆေးထိုးစုရပ်များတွင် ဒေသခံပြည်သူများက စိတ်အားထက်သန်စွာ ကာကွယ်ဆေးများ လာရောက်ထိုးနှံကြကြောင်းလည်း သိရသည်။ ထိုးနှံပေးရန်ကျန်ရှိသူများ ကိုလည်း ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)