သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ငဖဲမြို့မရပ်ကွက်တွင် အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်

ငဖဲ  မေ ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် မြို့နယ် အတွင်းရှိ ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကင်းဝေစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် အဘိတ် ဆေးခပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက မြို့မရပ်ကွက်တွင် စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သိန်းနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိန်သောင်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအုန်းဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာညွန့်နှင့် အဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ မြို့မရပ်ကွက်အတွင်းရှိ နေအိမ်များမှ ရေကန်များအတွင်းသို့ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခပ်ခြင်းကို ဆောင်ရွက်ပြီး ခြင်များ ခိုအောင်းနေထိုင် ပေါက်ဖွားမှု မဖြစ်ပေါ်စေရေး ရေအိုး၊ ရေကန်များကို နေ့စဉ် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ကြရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာများကို ရပ်ကွက်နေ ပြည်သူများအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)